သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ချင်းစစ်ဘေးရှောင် နေရပ်ရင်းပြန်နိုင်ရေး ပြည်နယ်အစိုးရ စီစဉ်


စစ်ဘေးဒဏ်ကြောင့် ၁၇ လကျော် ကြာ နေရပ်စွန့်ခွာ တိမ်းရှောင်နေခဲ့ရတဲ့ ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ် ပြင်စိုကျေးရွာမှ ဒေသခံ ၃၀၀ ကျော် တို့အတွက် နေရပ်ရင်းကိုပြန်နိုင်ဖို့ ချင်းပြည်နယ်အစိုးရအဖွဲ့ကနေစီစဉ်နေပြီး ဖြစ် ပါတယ်။ ဒီစစ်ပြေးဒုက္ခသည်တွေဟာ ရခိုင်တပ်မတော် AAနဲ့ မြန်မာ့တပ်မတော်တို့အကြား ဖြစ်ပွါးခဲ့တဲ့ တိုက်ပွဲကြောင့် နေရပ်ကနေ တိမ်းရှောင်လာတဲ့သူတွေလည်းဖြစ်တဲ့အတွက် နှစ်ဖက်တပ်တွေအကြား တိုက်ခိုက်မှုတွေရှိနေသေးရင် နေရပ်ရင်းမှာလုံခြုံမှု မရှိနိုင်သေးဘူးလို့ ဒေသခံအကူညီပေးရေးအဖွဲ့တွေကပြောပါတယ်။ ဒီအခြေအနေကို VOA ထိုင်းအခြေ စိုက် သတင်းထောက် နိုင်ကွန်းအိန်ကနေသတင်းပေးပို့ထားပါတယ်။

ရခိုင့်တပ်မတော် AA နဲ့ မြန်မာ့တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားခဲ့ဲ့တဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်က ပြင်စိုကျေးရွာ စစ်ပြေးဒုက္ခသည်တွေ ကို နေရပ်အပြီးပြောင်းရွှေ့ပေးနိုင်ဖို့ ချင်းပြည်နယ်အစိုးရအဖွဲ့က စီစဉ်နေပါတယ်။

ပြောင်းရွှေ့နိုင်ရေးစီစဉ်ပေးမှုကိုတော့ ချင်းပြည်နယ် လူမှုရေးဝန်ကြီးဦးပေါင်လွန်မင်းထန်က အခုလိုပြောပါတယ်။

“ကျနော်တို့အစိုးရကတော့ ဒေသခံဝန်ကြီး အထိသွားစစ်ပြီးတော့ သူတို့ရဲ့ရွာတွေပြန်နိုင်ဖို့ပေါ့ ။ အဓိကတော့ သူတို့တဲ အခြေအနေကလည်း ဝါးနဲ့ဆောက်ထားတယ် ၊စွန့်လွှတ်ထားတဲ့ တဲတွေက လည်း နေလို့မရလို့ ပြန်ဆောက်ဖို့ မတည်ပေးမယ်။အစားအသောက်ကလည်း ၆ လစာ ကျနော်တို့ပေးထားပြီးသားဖြစ်တယ် ဝန်ကြီးတို့ရောက်သွားရင် ထောက်ပံ့ဖို့။”

ကုလားတန်မြစ်နံဘေးက လောင်းတင်ကျေးရွာမှာ စစ်ဘေးတိမ်းရှောင်နေ ကြရတဲ့ ပြင်စိုကျေးရွာသား(၃၇၀)ကျော်အတွက် အောက်တိုဘာလကစပြီး စတင်ပြောင်းရွှေ့ပေးနိုင်ရေးအတွက် ချင်းပြည်နယ်အစိုးရကနေစီစဉ်နေတာပါ။

ပြင်စိုကျေးရွာအနားတဝိုက်မှာ မြေမြုပ်မိုင်းတွေရှိမရှိကိုလည်း လိုက်လံစစ်ဆေး ခဲ့ပြီးသလို လာမယ့် အောက်တိုဘာ လမှာ ဒုက္ခသည်တွေအတွက် နေအိမ်ဆောက် လုပ်နိုင်ဖို့ ချင်းပြည်နယ်အစိုးရက ငွေကျပ် ၃ သိန်းကနေ ၄ သိန်းအထိ ထောက်ပံ့ပေးသွားမယ်လို့ ဝန်ကြီးဦးပေါင်လွန်မင်းထန်ကပြောပါတယ်။

ဒီစစ်ပြေးဒုက္ခသည်တွေဟာ ပြီးခဲ့တဲ့(၂၀၁၅)ခုနှစ် ဧပြီလကစပြီး ရခိုင်တပ်မတော် AAနဲ့ မြန်မာ့တပ်မတော်တို့အကြား ဖြစ်ပွါးခဲ့တဲ့ တိုက်ပွဲကြောင့် ပြင်စိုကျေးရွာ က အိမ်ထောင်စု(၆၀)ကျော် ရွာသား(၃၇၀)ကျော် ဟာ နေရပ်က စွန့်ခွါပြီး လောင်းတင်ရွာ အနီးမှာ ယာယီ စခန်းချပြီးနေထိုင် လာခဲ့တာ(၁၇)လ တာရှိခဲ့ပြီးဖြစ်ပါတယ်။

လက်ရှိစစ်ပြေးဒုက္ခသည်တွေဟာ စားသောက်နေထိုင်ရေးမှာ အခက်ခဲရှိနေတယ်လို့ ပလက်ဝမြို့လူမှုကူညီရေး အဖွဲ့ ဝင် ကိုကျော်အောင်ကပြောပါတယ်။

“လက်ရှိအခြေအနေကတော့ လောင်းတင်ရွာအောက်က စခန်းမှာပဲနေတယ်။ တချို့အိမ်ခြေ ၆၀ ကျော်မှာ ၃၀ ဝန်းကျင်လောက်တော့ ဒီရွှေ့ပြောင်းတောင်ယာ လုပ်တယ်။ အဓိကကတော့ စားနပ်ရိက္ခာတော့ လုံးဝအခြေအနေမကောင်းတဲ့ အခြေအနေရှိတယ်။”

ချင်းပြည်နယ်အစိုးရကနေ ဒုက္ခသည်တွေကို နေရပ်ရင်း ကိုပြန်နိုင်ဖို့စီစဉ်ပေးမှု ဟာ ကောင်းမွန်ပေမဲ့ သူတို့အတွက် လုံခြုံရေး အာမခံချက်ပေးနိုင်တဲ့အခြေအနေ မရှိသေးဘူးလို့ ပလက်ဝမြို့လူမှုကူညီရေး အဖွဲ့ဝင် ကိုကျော်အောင်က ပြောပါ တယ်။

“ကျနော်တို့စီမံချက်အတိုင်း တကယ်လို့ဆောင်ရွက်ပေးနိုင်မယ်ဆိုရင် အခက်အခဲက အဲလောက်ထိ ကြီးကြီးမားမားရှိနိုင်မယ်မထင်ဘူး။ ဒါပေမယ့်တခုက လုံခြုံရေး အခြေအနေက အာမခံချက်ပေးနိုင်လောက်တဲ့ လုံခြုံရေးအခြေအနေမရှိတဲ့အခါမှာ ဒီလုံခြုံရေးအပိုင်းကတော့ နည်းနည်း ဇဝေဇဝါမှာတော့ ရှိနိုင်တယ်။ ဒီဘက်မှာဆိုရင်တော့ ပြင်စိုကျေးရွာက နယ်စပ်နဲ့ နီးတဲ့ဒေသဆိုတော့ AA ဘက်ကလည်း ဘင်္ဂလားဒေ့ရှ် နယ်စပ်တလျှောက်မှာပဲ နေတဲ့အခါမှာ သိပ်မဝေးတဲ့အခြေအနေရှိတဲ့ရွာတွေပေါ့ သူတို့ ၁ ရက်သွားရင်လည်းရောက်တယ်၊ နာရီပိုင်းသွားရင်လည်းရောက်တယ် ၊ ဝင်နိုင်တယ် အဲဒီလိုမျိုးအခြေအနေ စစ်ဘေးရှောင်ပြည်သူတွေရဲ့ အဓိကလိုအပ်ချက်ဆိုတဲ့နေရာမှာက AA ဘက်နဲ့ အစိုးရ စစ်တပ်ကြား တကယ့် တကယ်ငြိမ်းငြိမ်းချမ်းချမ်းဖြစ်မှပဲ သူတို့ကလုံခြုံမယ်လို့ သူတို့ခံယူပါတယ်။”

ပြင်စိုကျေးရွာဟာ ဘင်္ဂလားဒေ့ရှ်နယ်စပ် နဲ့နီးတဲ့နေရာဖြစ်သလို ရခိုင်တပ်မတော်ဘက်ကလဲ ဝင်ထွက်သွားလာဖို့ လွယ်ကူတဲ့ဒေသဖြစ်နေ တာကြောင့် မြန်မာ့တပ်မတော်နဲ့တိုက်ပွဲထပ်မံဖြစ်ပွါးခဲ့ရင် ဒေသခံတွေအတွက် လုံခြုံမှုအား နည်းနေတယ်လို့သူကဆိုပါတယ်။

လက်ရှိမှာနှစ်ဖက်တပ်အကြားတိုက်ပွဲဖြစ်ပွါးမှုမရှိတာ ကာလ အတန်ကြာနေပြီးဆိုပေမယ့်လည်း NCA အပစ်ရပ်လက်မှတ်မထိုး နိုင်သေးတဲ့ ရခိုင်တပ်မတော် နဲ့မြန်မာအစိုးရတပ်မတော်တို့အကြားမှာ အချိန်မရွေး တိုက်ပွဲဖြစ်ပွါးနိုင်တဲ့ အခြေအနေ မှာရှိနေတယ်လို့လဲ ကိုကျော်အောင်က ပြောပါတယ်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်က စစ်ဘေးရှောင်ပြည်သူတွေနေရပ် ရင်းပြန်နိုင်ဖို့လုပ်ငန်းစီမံချက်တွေကို ပြည်နယ် အစိုးရလမ်းညွှန်မှုနဲ့ စစ်ဘေးရှောင်ကူညီထောက်ပံ့ရေးကော်မတီအဖွဲ့တို့ကနေ ရေးဆွဲထားပြီး၊လာမယ့် အောက်တိုဘာလ ကနေစပြီး ၂၀၁၇ ခုနှစ်ဖေဖေါ်ဝါရီလ အတွင်းအပြီးတိုင်ပြန်နိုင် ဖို့စီမံချက်ရေးဆွဲထားပါတယ်။

စီမံချက်ထဲမှာ လာမယ့်နိုဝင်ဘာလမှာ ဘုရားကျောင်းတွေ ၊ ကျောင်းဆောင်တွေ ပြုပြင်ပေး မှာဖြစ်ပြီး၊ တောင်ယာတွေ ခုတ်ထွင်နိုင်ဖို့ အကူအညီပေးမှာဖြစ်သလို ၂၀၁၇နှစ်သစ်မှာ စားနပ်ရိက္ခာတွေ ပို့ဆောင်ပေးဖို့လည်းပါရှိပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG