သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကိုင်းတိုင်းနဲ့ ချင်းပြည်နယ်အစပ်ဘက် တိုက်ပွဲဖြစ်


ချင်းပြည်နယ်မြောက်ပိုင်း(ဝဲ) နဲ့ စစ်ကိုင်းတိုင်းအနောက်ခြမ်း(ယာ) နယ်စပ်မှာ ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွါးတဲ့ဒေသများ။
ချင်းပြည်နယ်မြောက်ပိုင်း(ဝဲ) နဲ့ စစ်ကိုင်းတိုင်းအနောက်ခြမ်း(ယာ) နယ်စပ်မှာ ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွါးတဲ့ဒေသများ။

[[Zawgyi/Unicode]]

စစ်ကိုင်းတိုင်း၊ ကလေးမြို့တောင်ပိုင်းနဲ့ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်အစပ်မှာလည်း စစ်ကောင်စီတပ်တွေနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကြား ဒီနေ့မနက်ပိုင်းက တိုက်ပွဲဖြစ်ခဲ့ပါတယ်။ ကလေးတောင်ပိုင်းက တက်လာတဲ့ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံကာကွယ်ရေး ပူးပေါင်းအဖွဲ့တွေကြား တိုက်ခိုက်ခဲ့ကြတာပါ။ တိုက်ပွဲဖြစ်နေတဲ့ ရွာဘက် ကို ကလေးမြို့ကနေ စစ်ကောင်စီတပ်တွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ပါ တယ်။ စစ်ကိုင်းတိုင်းနဲ့ ချင်းပြည်နယ်အစပ်က တိုက်ပွဲအခြေအနေအကြောင်းရန်ကုန်ကလာတဲ့သတင်းကို ကိုဝင်းမင်းက တင်ပြပေးထားပါတယ်။

စစ်ကိုင်းတိုင်းထဲက ကလေးမြို့တောင်ပိုင်းနဲ့ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်အစပ်၊ မွယ်ဇောလ်ဆိုတဲ့ ရွာဘက် မှာ ဒေသခံပူးပေါင်းကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတို့ ဒီကနေ့ ဇန်နဝါရီ ၆ ရက် မနက်ပိုင်းက တိုက်ပွဲတွေဖြစ်ခဲ့တာပါ။

ကလေးမြို့တောင်ပိုင်းကနေ တက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို ဒေသခံ ပူးပေါင်းကာကွယ်ရေး တပ်ဖွဲ့တွေက ကြားဖြတ် တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ တိုက်ပွဲဖြစ်တာနဲ့ ပတ်သက်လို့ ကလေး PDF က တာဝန်ရှိသူတဦးက အခုလိုပြောပါတယ်။

“ပါမွန်ချောင်း (ရွာ) နဲ့ ဖလမ်းမြို့နယ်က ဝေဘူလမြို့ပေါ့နော် ကြားထဲက တောင်ကြောတွေတလျှောက် တက်လာတဲ့အခါမှာ ထိတွေ့တိုက်ပွဲဖြစ်ပြီးတော့မှ တိုက်ပွဲ တော်တော် ပြင်းထန်နေပါတယ်။ တချိန်တည်းမှာပဲ ကလေးနည်းပညာတက္ကသိုလ်ဘက်ကနေပြီး တိုက်ပွဲ ဖြစ်ပွားနေတဲ့ နေရာတွေကို လက်နက်ကြီးတွေနဲ့ လှမ်းထုနေတယ်။ ပူးပေါင်းတပ်တွေဘက်ကနေပြီးတော့ ရုတ်တရက် ကြားဖြတ်တိုက်ခိုက်လို့ စစ်ကောင်စီဘက်က ၅ ဦး လောက်သေဆုံးတယ်လို့သိရတယ်။ အခုချိန်ထိတော့ ပူးပေါင်း တပ်တွေဘက်ကနေ အကျအဆုံး ရှိတယ်လို့ မသိရသေးပါဘူး။”

အသေအဆုံးသတင်းကို ဗီအိုအေက သီးခြားအတည်မပြုနိုင်သေးပါဘူး။

စစ်ကိုင်းတိုင်း၊ ကလေးမြို့တောင်ပိုင်း၊ နတ်ချောင်းကျေးရွာကနေ ဝေဘူလမြို့ဘက်ကို အင်အားအလုံး အရင်းနဲ့ ဒီနေ့မနက် ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို Zomi PDF ၊ ကလေး PDF ၊ ချင်းအမျိုးသားကာကွယ်ရေးအဖွဲ့ CNDF ၊ ရိန်းဂျား ကလေး ကာကွယ်ရေးအဖွဲ့ RKDF နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖ (ကလေး) ပူးပေါင်းတပ်ဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်နေတယ်လို့ Kalay PDF က ထုတ်ပြန်ထားပါတယ်။ ဒီတိုက်ပွဲနဲ့ပတ်သက်လို့ CNDF ကာကွယ်ရေးအဖွဲ့ဝင်တဦးကလည်း ခုလိုပြောပါတယ်။

“ဒီမနက် ကျနော်တို့၉ နာရီလောက်က စဖြစ်ပြီးဗျ။ တိုက်ပွဲကတော့ ၂ နာရီခွဲလောက်တော့ကြာသွားပြီ။ ဖလမ်းမြို့နယ်ထဲက ကလေးနယ်စပ်တဝိုက်မှာပေါ့နော်။ ရွာက မွယ်ဇောလ်လို့ ခေါ်တာပေါ့နော်။ မွယ်ဇောလ်ထဲမှာ ကျနော်တို့ဖြစ်တာဟုတ်။ ဝေဘူလနဲ့ဆို ၃ မိုင်လောက်ဝေးတယ်ပေါ့။ အသေးစိတ် အခြေအနေတော့မသိရသေးဘူး။”

တိုက်ပွဲဖြစ်နေတဲ့ ဝေဘူလကျေးရွာဘက်ကို ကလေးမြို့ကနေ စစ်ကောင်စီတပ်တွေ လက်နက်ကြီးတွေ နဲ့လည်း ပစ်ခတ်နေတယ်လို့ ကလေးမြို့ခံတဦးကလည်း ခုလို ပြောပါတယ်။

“မနက်ပိုင်းကတော့တိုက်ပွဲဖြစ်တယ်။ အဲဒီ နတ်ချောင်းနဲ့ဖလမ်းသွားတဲ့ဘက်ပေါ့။ ဝေဘူလဘက်။ ဒီဘက်က GTC ကျောင်းဘက်က လက်နက်ကြီးနဲ့ လှမ်းလှမ်းထုနေတယ်။ အနောက်ကနေ။”

စစ်ကောင်စီတပ်တွေဟာ ကလေး-ဂန့်ဂေါကနေ ချင်းပြည်နယ်ကို အဓိက ဆက်သွယ် ထားတဲ့ လမ်းပိုင်းတခု ဖြစ်တဲ့ နတ်ချောင်း-ဝေဘူလ-ဖလမ်း လမ်းပိုင်းကို နယ်မြေစိုးမိုးမှုရနိုင်အောင် တပ်အင်အားတွေ ဖြန့်ချနေပုံ ရတယ်လို့ ပြောပါတယ်။ ဒေသခံကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေရှိနိုင်တယ်လို့ ယူဆတဲ့နေရာတွေအပေါ် ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် အဲဒီဒေသက ရွာသားတွေ ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ ဒေသခံတဦးက အခုလိုပြောပါတယ်။

“CNF ပေါ့ဗျာ။ PDF ရှိတယ်ပေါ့ဗျာ။ အဲ့ဒါတွေကို လက်ခံတယ်ပေါ့။ တောတောင်အခြေအနေကလည်း ဒီဘက်က တောတွေတောင်တွေ ထူထပ်တဲ့အခါကျတော့ အဲ့ဒီမှာ လက်ခံပြီးတော့မှ သူတို့ စစ်အာဏာရှင်ကို တော်လှန်တဲ့သူတွေဖြစ်တယ်ဆိုပြီးတော့မှ အဲ့သဘောမျိုးနဲ့ စစ်ထိုးတာပေါ့ဗျာ။ အခုတော့ ရှောင်ပြေးနေရတာပေါ့ဗျာ။ အဲ့ရွာသားတွေအကုန်လုံးကတော့ ရှောင်ပြေးနေရတယ်။ နောက်ပြီးတော့ လူမရှိတဲ့ အိမ်တွေဆိုရင် လူမရှိတဲ့ အိမ်က ပစ္စည်းတွေကို သယ်တယ်။ စပါးဆို စပါး ဆန်ဆိုဆန် အကုန်သယ်တာ သူတို့(စကစ) စစ်တပ်က။”

ကလေးမြို့တောင်ပိုင်း နတ်ချောင်းကျေးရွာမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၄ ရက်က စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ပူးပေါင်းကာကွယ်ရေးတပ်ဖွဲ့တို့ အပြင်းအထန် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက ရဟတ်ယာဉ်တွေ သုံးပြီး ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်း တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ငြိမ်သက်နေရာကနေ စစ်ကောင်စီ တပ်တွေဟာ ကလေးမြို့ တောင်ပိုင်းကနေ ချင်းပြည်နယ်အထိ စစ်ကြောင်းတွေချီတက်လာတဲ့အတွက် အခုလို တကျော့ပြန် တိုက်ပွဲတွေ ပြန်လည် ဖြစ်ပွားနေတာပါ။ ဒေသခံပူးပါင်းကာကွယ်ရေး တပ်ဖွဲ့တွေဘက်ကတော့ တိုက်ပွဲတွေ ပိုပြီး ပြင်းထန်လာနိုင်တဲ့အတွက် ကလေး - ဂန့်ဂေါ လမ်းပိုင်းကို အသွားအလာ မပြုလုပ်ဖို့ အသိပေးထားတာလည်းရှိပါတယ်။

တိုက်ရိုက် လင့်ခ်

=============

[[Unicode]]















=============

XS
SM
MD
LG