သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ချင်းပြည်နယ် ဖလမ်းမှာ ချင်းကာကွယ်ရေးအဖွဲ့နဲ့ စစ်ကောင်စီ တိုက်ပွဲဖြစ်


မင်းတပ်၊ မတူပီ၊ ဖလမ်း
မင်းတပ်၊ မတူပီ၊ ဖလမ်း

[[Zawgyi/Unicode]]

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ ချင်းကာကွယ်ရေး CNDF အဖွဲ့တွေကြား ဒီနေ့မနက်နဲ့ မနေ့အင်္ဂါနေ့မှာ ပစ်ခတ်တိုက်ခိုက်မှုရှိနေတယ်လို့ CNDF အဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။ မင်းတပ်မြို့နယ်မှာလည်း မတူပီမြို့နယ်ဘက်ကို အင်အားဖြည့်လာတဲ့စစ်ကောင်စီတပ်နဲ့ CDF တို့ကြား တိုက်ပွဲဖြစ် ပွါးနေတာပါ။ ချင်းပြည်နယ်တွင်း တိုက်ပွဲသတင်းတွေကို ရန်ကုန်ကရေးသားပေးပို့ထားတာ ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်အတွင်း ဒီမနက်မှာ စစ်ကြောင်းချီလာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို ဗုံးခွဲတိုက်ခိုက်ခဲ့တယ်လို့ ဖလမ်း CNDF ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

“ဒီနေ့မနက်က (၁၁) နာရီကြားလောက်မှာ။ ကျနော်တို့ ထောင်ထားတဲ့မိုင်း စစ်ကောင်စီကနင်း။ တိုက်မိုင်း (၁၀) လုံးလောက် ပေါက်သွားတယ်ဆိုတော့- လောလောဆယ်တော့ သူတို့ဒဏ်ရာရအခြေအနေ စုံစမ်းလို့ မရသေးဘူးဖြစ်နေတယ်။”

မနေ့က ညနေပိုင်းမှာလည်း ဖလမ်း CNDF တပ်ဖွဲ့တွေက စစ်ကောင်စီတပ်ဖွဲ့ကို ဖလမ်းမြို့နယ် ရွာမှာ ခြုံခိုတိုက်ခိုက်ခဲ့တယ်လို့ CNDF ပြန်ကြားရေးတာဝန်ခံကပြောပါတယ်။

“မနေ့ကဖြစ်ခဲ့တယ်။ (၂) နာရီလောက်က။ ပထမတိုက်ပွဲဖြစ်တာ မြိုင်ကြီးဘက်မှာ။ မြိုင်ကြီးဘက်မှာဖြစ်တော့ သူတို့ ရှောင်တယ်။ ကျနော်တို့ဘက်က လိုက်ရှာနေတယ်ဆိုတော့။ ရှန်အွမ်းဆိုတဲ့ရွာမှာ ထမင်းချက်နေတဲ့အချိန် ကျနော်တို့ သွားပစ်တာ။ သွားပစ်တော့ ဒီကောင်တွေက (၁၅) ယောက်တော့ သေမယ်လို့တော့ကြားရတယ်။ လက်ဦးမှုရခဲ့တယ်ပေါ့ နော။ ကျနော်တို့ဘက်က တယောက်တော့ ဒဏ်ရာရခဲ့တယ်။ ဒါပေမဲ့ အပြင်းထန်တော့မဟုတ်ဘူး။”

စစ်ကောင်စီတပ်ဖွဲ့ဟာ ဇန်နဝါရီ (၉) ရက်နေ့ကစပြီး စစ်ကိုင်းတိုင်း ကလေးမြို့နယ် နတ်ချောင်းကျေးရွာဘက်ကနေ ချင်းပြည်နယ် ဖလမ်းမြို့နယ်ဘက်ကိုအသွားမှာ ချင်းအမျိုးသားကာကွယ်ရေးတပ်ဘက်က နေ့စဉ် တိုက်ခိုက်မှုပြုလုပ်နေခဲ့တာပါ။

မင်းတပ်မြို့နယ်ဘက်မှာလည်း မတူပီမြို့နယ်ဘက်ကို အင်အားဖြည့်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ စစ်ယာဉ်တန်းကို မင်းတပ်-မတူပီ ကြား ၄၂ မိုင်မှာ မနေ့ကညနေ ၅ နာရီခန့်က ခြုံခိုတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား (၄) ဦးသေဆုံးသွားသလို ၄၅ မိုင်မှာ ထပ်မံမိုင်းခွဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား ၃ ဦး ထပ်မံသေဆုံးခဲ့တယ်လို့ မင်းတပ် CDF ကနေ သတင်းထုတ်ပြန်ထားပါတယ်။

ဖလမ်းနဲ့မင်းတပ်မြို့နယ်အတွင်း ပစ်ခတ်တိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးများတယ်လို့ CDF ဘက်က ပြောပေမယ့် VOA အနေနဲ့ သီးခြားအတည်ပြုချက်မရခဲ့ပါဘူး။

စစ်ကိုင်းတိုင်း ကလေးမြို့နယ်ဘက်မှာလည်း ပစ်ခတ်ဖမ်းဆီးမှုတွေရှိနေတာပါ။

မနေ့က မနက်ပိုင်း ကလေးမြို့တောင်ဘက် နှစ်မိုင်ခန့်အကွာမှာရှိတဲ့ သာစည်ကျေးရွာဘက်မှာ စစ်ကောင်စီတပ်ကနေ ပစ်ခတ်ဖမ်းဆီးမှုတွေလုပ်ဆောင်ခဲ့တယ်လို့ ကလေးမြို့ခံတဦးကပြောပါတယ်။

“မနေ့မနက်က ကလေးမြို့တောင်ပိုင်းပေါ့နော်။ နည်းပညာတက္ကသိုလ်မှာ တပ်စွဲထားတဲ့စစ်ကောင်စီ။ တချို့ကလည်း အင်အား (၈) လို့ ပြောတာပေါ့နော်။ လမ်းမကြီးက မလာဘဲနဲ့ ရွာလယ်ကွက်တွေထဲဖြတ်ပြီးတော့ တောလမ်းကနေလာ။ သူက သာစည်မှာ အကြောင်းမဲ့ပစ်ခတ်တာပေါ့နော်။ အပြန်အလှန်ပစ်တာမဟုတ်ဘူး။ ပစ်တဲ့အချိန်မှာ ဦးဖိုးထွန်းပေါ့နော်- ဆိုင်ကယ်နဲ့ဖြတ်သွားချိန်မှာ သူတို့ကို ဘာမှရန်မမူဘဲနဲ့ အကြောင်းမဲ့ပစ်လိုက်လို့ အဲဒီမှာ တယောက်သေသွားတာပေါ့နော်။ နောက် ယောကျာ်းလေးတယောက် အသက်တော့မသိရဘူးပေါ့နော်။ အဲဒီတယောက် ကလည်း ကျည်မှန်တယ်။ သူတို့ပဲ စစ်ဆေးရုံကိုခေါ်သွားတယ်လို့ ပြောတယ်။ ပြီးတော့အဲဒီနှစ်ယောက်ရဲ့ဆိုင်ကယ်ကိုလည်း မီးရှို့ပစ်တာပေါ့နော်။ အမျိုးသမီး (၆) ယောက်ကို ဖမ်းတယ်ပေါ့နော်။ အမျိုးသမီးတွေကိုတော့ပြန်လွှတ်တယ်။ ယောက်ကျားလေးနှစ်ယောက်ကတော့ ဆက်ပြီးတော့ဖမ်းထားတယ်ပေါ့နော်။ ရွာခံတွေ တော်တော်များများလည်း ပြေးရတယ်ပေါ့လေ။”

ကလေးမြို့နယ်တောင်ဘက်ဒေသမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံ PDF တို့ကြား မကြာခနဆိုသလို ပစ်ခတ်တိုက်ခိုက်မှုတွေဖြစ်ပွါးနေတာပါ။

ပြီးခဲ့တဲ့ဒီဇင်ဘာလ ၂၃ ရက်နေ့ကတည်းက ကလေးမြို့နယ်တောင်ပိုင်းဒေသကို စစ်ကောင်စီတပ်တွေကနေ ထိုးစစ်ဆင်ခဲ့တာမှာ ဒီဇင်ဘာလကုန်အထိတော့ ဒေသခံ PDF တွေနဲ့ တိုက်ပွဲတွေဆက်တိုက်ဖြစ်လာခဲ့ပါတယ်။

ကလေးမြို့နယ်မှာ အခုလို PDF အဖွဲ့နဲ့ စစ်တပ်အကြား တိုက်ပွဲတွေရှိနေသလို စစ်အာဏာသိမ်းမှုကို ဆန့်ကျင် ကန့်ကွက်တဲ့ ဆန္ဒပြပွဲတွေလည်း နည်းလမ်းပေါင်းစုံနဲ့ နေ့စဉ်လိုဆက်ရှိနေပါတယ်။

ချင်းပြည်နယ် ဖလမ်းမြို့နယ်၊ မင်းတပ်မြို့နယ်နဲ့ စစ်ကိုင်းတိုင်း ကလေးမြို့နယ်အတွင်း ပစ်ခတ်တိုက်ခိုက်မှုအခြေအနေတွေ သိရှိဖို့စစ်ကောင်စီပြောခွင့်ရကို ဆက်သွယ်ခဲ့ပေမယ့် မရခဲ့ပါဘူး။

တိုက်ရိုက် လင့်ခ်

===========

[[Unicode]]


















===========

XS
SM
MD
LG