သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တီးတိန်အနီး ကားမှောက် ၁၆ ဦးသေ


တီးတိန်အနီး ကားမှောက် ၁၆ ဦးသေ
တီးတိန်အနီး ကားမှောက် ၁၆ ဦးသေ

ချင်းပြည်နယ် တီးတိန်မြို့မှာ ၂၅ ရက်နေ့ကနေ စတင်ကျင်းပနေတဲ့ ခရစ်ယာန်နှစ်ချင်း သာသနာ နှစ်တရာပြည့်နဲ့ ချင်းစာပေယဉ်ကျေးမှု ထွန်းကားခဲ့တဲ့ အထိမ်းအမှတ် ရာပြည့်ပွဲတော်ကို လာကြတဲ့ ခရီးသည်တင် ကားတစီး တွန်းဇန်မြို့နဲ့ တီးတိန်မြို့အကြား တောင်ပေါ်လမ်းမှာ ဒီနေ့ မနက် ၁၁ နာရီ ကျော်မှာ တိမ်းမှောက်ခဲ့တာကြောင့် လူ ၁၆ ဦး သေဆုံးပြီး အပြင်းအထန် ဒဏ်ရာရသူတွေလည်း ရှိခဲ့ပါတယ်။ ဒီအကြောင်းကို မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

နှစ်ချင်းခရစ်ယာန်သာသနာပြုခဲ့တဲ့ နှစ်တရာပြည့်တာကြောင့် ချင်းပြည်နယ် တီးတိန်းမြို့မှာ နိုဝင်ဘာလ ၂၅ ရက်နေ့ကနေ ၂၈ ရက်နေ့အထိ ချင်းတောင်တန်းသားတွေက ယုဘိလပွဲသဘင်လို့ ခေါ်တဲ့ ရာပြည့်ပွဲတော်ကို ကျင်းပနေကြပါတယ်။ အနယ်နယ်အရပ်ရပ်က သာသနာပြုသူတွေ အများအပြား လာကြပြီး ချင်းပြည်နယ် အတွင်းက ဒေသခံပြည်သူတွေ လာရောက်ကြတာကြောင့် အတော်စည်ကားတဲ့ ပွဲသဘင် ဖြစ်ပါတယ်။ ဒီပွဲကိုလာကြတဲ့ ခရီးသည်တင် ကားတစီးဟာ ၂၆ ရက်မနက်မှာ တွန်းဇန်မြို့ကနေ တီးတိန်အသွား တောင်တက်ကားလမ်းမှာ နောက်လနပြီး ချောက်ထဲ တိမ်းမှောက်ခဲ့တာကြောင့် ၂၆ ရက်နေ့ ညနေပိုင်း စုံစမ်းသိရှိချက်အရ လူ ၁၆ ဦး သေဆုံးခဲ့တယ်လို့ မြို့ခံတွေက ပြောပြပါတယ်။

“၁၆ ယောက် သေတယ်။ ပထမ ၁၂ ယောက်က ပွဲချင်းပြီးသေတယ်။ နောက် ၄ ယောက်က ဆေးရုံပေါ်မှာ ထပ်ပြီးသေတယ်။ အားလုံးပေါင်း ၁၆ ယောက်။ တီးတိန်ကနေ ၈ မိုင်အကွာအဝေးလောက်မှာ ဖြစ်တာ။ ကုန်းအတက်ကြီးပေါ့ဗျာ။ မဏိပူမြစ်ဘက်နေ အတက်။ ကားက တက်ရင်းနဲ့ ပြန်လှန်ကျသွားတာ။ ပြန်လှန်ကျပြီးတော့ လမ်းပေါ်ကနေ ချောက်ထဲကို ပေ ၅၀၀ လောက်ကို ကျသွားတာ။ အတက်မှာ အဲဒီနေရာက တော်တော်အခြေအနေဆိုးတယ်။ မက်စောက်ကြီးပေါ့ဗျာ။ အောက်မှာကျရင်လည်း အခုအခံ ဖြစ်မယ့် အပင်တွေမရှိဘူး။ သစ်ပင်ကြီးကြီးတွေ မရှိတော့ဘူး၊ ခုတ်လို့ကုန်သွားပြီ။ သစ်တောပြုန်းတီး နေတယ်။ သစ်တောတွေ ပြုန်းတီးနေတော့ အခုအခံမရှိဘူး။ အဲဒါကြောင့် အခုလို ပေ ၅၀၀ လောက်အထိ ကျသွားတာ။ လူ ၃ ယောက်ပဲ ခုန်ထွက်တယ်။ ကားပေါ်က လွတ်သွားတယ်။”

နောက်ဆုံအခြေအနေအရ ဆေးရုံပေါ်မှာ သတိလစ် မေ့မျောနေသူ ခြေကျိုးလက်ကျိုး ဒဏ်ရာရသူတွေလည်း ရှိနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

“အခုဆေးရုံပေါ်မှာ သတိမေ့နေတာ ၃ ယောက်ရှိတယ်။ ခုထိ သတိမရသေးဘူး။ ဒဏ်ရာနဲ့ အားလုံး ၁၁ ယောက်ကျော် ရှိသေးတယ်။ အခြေအနေဆိုးတာ ၃ ယောက်ရှိတယ်။ ကလေး ၁ ယောက်က သတိလစ် နေတယ်။ သူ့အမေကတော့ သေသွားပြီ။ သေတဲ့သူတွေကို ဒိုင်ယာနာကား တစီးနဲ့ ၁၆ ယောက်လုံးကို သူတို့ သက်ဆိုင်ရာ မြို့တွေရွာတွေကို အကုန်လိုက်ပို့နေတယ်။ ညတွင်းချင်းပဲ။ သူ့ရွာအလိုက် သူ့တို့မိသားစုတွေဆီကို ပြန်ပို့နေတယ်။”

တောင်ပေါ်လမ်း ဖြစ်တာကြောင့် ကားသမားတွေက သတိနဲ့မောင်းနှင်ရတဲ့ နေရာလို့လည်း ပြောကြပါတယ်။ ဒါပေမဲ့လည်း လမ်းခရီးက မကောင်းတာကြောင့် အန္တရာယ်ရှိတယ် ဆိုတာကို သိနေရက်နဲ့ သွားလာနေရတာ လို့လည်း ပြောပြပါတယ်။

“နအဖအစိုးရက သူ့ဘာသာသူ လမ်းဘယ်လောက်ပဲဖောက်ဖောက် ပြောဆိုနေတာ။ ဒီလမ်းဆိုရင် မြို့အဆင့် သွားလာတဲ့ ကားလမ်းကြီး။ ၂ နိုင်ငံ အိန္ဒိယနဲ့လည်း ပေါက်တဲ့လမ်းကြီးပေါ်မှာ ရှိတယ်။ ဒါပေမဲ့ ကတ္တရာ လည်း မဟုတ်ဘူး။ မြေနီလမ်း။ ဒုတိယကမ္ဘာစစ်တုန်းက ဖောက်တဲ့လမ်းကို ခုထိသုံးနေတာ။”

ဒီပွဲတော်ကို ဒေသခံအာဏာပိုင်တွေလည်း သွားကြပြီး ချင်းပြည်နယ်က ကျေးရွာအတော်များများက သွားရောက်ကြတာကြောင့် အတော်စည်ကားတဲ့ ပွဲလို့လည်း ပြောပြပါတယ်။ ဒေသခံအားလုံးကတော့ ဝိုင်းဝန်း ရှာဖွေနေဆဲလို့ ဆိုပါတယ်။

“နှစ်ပေါင်း ၁၀၀ တိတိပေါ့ဗျာ။ ခရစ်ယာန်နှစ်ချင်း နှစ် ၁၀၀ ပြည့် နဲ့ ချင်းစာပေကို အမေရိကန် သာသနာပြုအသင်းက သင်ပေးတာ ဆိုတော့ စာပေကလည်း နှစ် ၁၀၀ ပြည့်ပြီ။ သာသနာကလည်း နှစ် ၁၀၀ ပြည့်တဲ့ ယုဘိလသဘင်ပွဲတော်ကြီး။ နှစ်ချင်း ခရစ်ယာန်သာသနာ ရာပြည့် ယုဘိလပွဲတွေကြီး။ လူကလည်း မြို့ပေါ်မှာ ၃ သောင်းကျော်၊ အားလုံးပေါင်း ၅ သောင်းလောက်ရှိမယ် ထင်တယ်။ ဒီလိုမျိုးကျတော့ လိုက်နိုင်တဲ့သူက ဝိုင်းလိုက်ကြတယ်။ နယ်မြေခံတပ်လည်း ပါတယ်။ ရဲလည်းပါတယ်။ မယကတို့ ဘာတို့လည်း ပါတယ်။”

အခုကားမှောက်သေဆုံးမူဟာ ချင်းပြည်နယ်မှာ လူအများဆုံး သေဆုံးမူ ဖြစ်တာလို့လည်း ပြောကြပါတယ်။ ၁၉၈၅ ခုနှစ်တုန်းကလည်း ကလေး-တီးတိန် ကားလမ်းမှာ ကားမှောက်မူ ဖြစ်ခဲ့ပြီး လူ ၁၄ ဦး သေဆုံးမှု ဖြစ်ခဲ့ဖူးပါတယ်။ အခုတခါမှာတော့ ကားမှောက်ပြီး လွှင့်စင်သွားတာကြောင့် ပျောက်ဆုံးသူတွေလည်း ရှိနေပြီး နောက်ထပ် သေဆုံးသူတွေလည်း ရှိနေနိုင်တယ်လို့ တွက်ဆနေကြပါတယ်။ မိသားစုအတော်များများဟာ ပွဲတော်မှာဖြစ်နေတာကြောင့် ဘယ်သူတွေ ပျောက်ဆုံးနေသလဲဆိုတာကိုလည်း ချက်ချင်းစုံစမ်းဖို့ ခက်ခဲ နေကြဆဲ ဖြစ်ပါတယ်။ ညနေပိုင်း၂၆ ရက်နေ့ ညနေပိုင်းအထိ ချောက်ကပါးထဲကနေ ရှာဖွေတွေ့ရှိသူတွေ ကိုတော့ ဆေးရုံပို့ ကုသနေဆဲဖြစ်ပါတယ်။

XS
SM
MD
LG