သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထန်တလန်မြို့ပေါ်တိုက်ပွဲ အိမ်ခြေ ၁၃၀ ကျော်မီးလောင်ဆုံးရှုံး


ချင်းပြည်နယ်၊ ထန်တလန်မြို့ မီးလောင်ပြင်မြင်ကွင်း ယခင်ပုံဟောင်း (အောက်တိုဘာ ၂၉ ၊ ၂၀၂၁)
ချင်းပြည်နယ်၊ ထန်တလန်မြို့ မီးလောင်ပြင်မြင်ကွင်း ယခင်ပုံဟောင်း (အောက်တိုဘာ ၂၉ ၊ ၂၀၂၁)

[[Zawgyi/Unicode]]

စစ်ရေးတင်းမာနေတဲ့ ချင်းပြည်နယ်ထန်တလန်မြို့ပေါ်မှာ ဒီကနေ့နဲ့မနေ့က ပစ်ခတ်တိုက်ခိုက်မှုအတွင်း လက်နက်ကြီးထိမှန်လို့ အိမ်ခြေ (၁၃၀) ကျော်မီးလောင်ကျွမ်းသွားခဲ့တယ်လို့ ချင်းကာကွယ်ရေးအဖွဲ့ CDF တာဝန်ရှိသူတွေက ပြောပါ တယ်။ အလားတူ မတူပီမြို့နယ်မှာလည်း စစ်ကောင်စီတပ်နဲ့ CDF အဖွဲ့တွေကြား တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ ချင်းပြည်နယ်က စစ်ရေးနောက်ဆုံးအခြေအနေ ရန်ကုန်က သတင်းပေးပို့ထားတာ ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

ချင်းပြည်နယ် ထန်တလန်မြို့ပေါ်မှာ ဒီကနေ့ ဇန်နဝါရီလ (၄) ရက် ညနေပိုင်းနဲ့ မနေ့ တနင်္လာနေ့တွေမှာ ထန်တလန် CDF တွေရှိနိုင်တဲ့နေရာဘက်ကို စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ် လို့ဆိုပါတယ်။ ဒီနှစ်ရက်ပစ်ခတ်မှုအတွင်း ထန်တလန်မြို့ပေါ်အိမ်ခြေ (၁၃၀) ကျော်မီးလောင်ခဲ့တယ်လို ထန်တလန် CDF ခေါင်းဆောင်တဦးကပြောပါတယ်။

“ဒီနေ့လည်း ညနေ (၃) နာရီဝန်းကျင်လောက်မှာ ဟိုက်စကီ တကြိမ်ဆင်းတာပေါ့နော်။ အဲဒီ အတောအတွင်းမှာပဲ တခါတည်း သူတို့က မီးကပြန်ရှို့တာပေါ့နော်။ အခုကေ လာင်နေဆဲပေါ့နော်။ မီးက မငြိမ်းသေးဘူး။ (၄) အိမ်ဝန်းကျင်လောက်တော့ လောင်တယ် ကြားသိရတယ်။ မနေ့ကပေါ့နော်။ ဇန္နဝါရီ (၃) ရက်နေ့မှာ။ (၂) နာရီခွဲဝန်းကျင်လောက်ကနဲ့ ည (၁၁) နာရီဝန်းကျင်ထိပေါ့နော။ မီးလောင်တာပေါ့။ အဲဒီမှာ အိမ်အရေအတွက်က (၁၃၀) နီးပါး မီးလောင်တာပေါ့။ ရပ်ကွက်ကတော့ ဇီုမီးရပ်ကွက်နဲ့ ကျောင်း ရပ်ကွက်ပေါ့။ မနေ့က (၁) နာရီခွဲဝန်းကျင်လောက်က ကျည်ကလာတယ်။ အဲဒီတောအတွင်းမှာပဲ တခါတည်း ကျနော်တို့ CDF ရှိတဲ့နေရာကို ထိုးစစ်ဆင်တာပေါ့နော်။ ထိုးစစ်လိုမျိုး။ ကျနော်တို့ကို အသားကုန် ပစ်တာပေါ့နော်။ အဲဒီတောအတွင်းမှာ အဲဒီလိုမျိုးပုံစံဖြစ်တာ။”

မနေ့ကမီးလောင်မှုမှာ ထန်တလန် CDF ရှိတဲ့နေရာဘက်ကို စစ်ကောင်စီတပ်ဘက်ကလက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် မီးလောင်ကျွမ်းမှုဖြစ်တာလို့ ထန်တလန် CDF တာဝန်ရှိ သူကပြောပါတယ်။

မနေ့ကနဲ့ ဒီကနေ့မှာ ထန်တလန်မြို့တွင်းစခန်းချနေတဲ့စစ်ကောင်စီတပ်ကို ရဟတ်ယာဉ်နဲ့ စစ်လက်နက် ပစ္စည်း တွေလာရောက်ချပေးတာရှိနေတယ်လို့ ထန်တလန် CDF ခေါင်းဆောင်တဦးကဆက်ပြောပါတယ်။

“မွန်းလွဲပိုင်းပေါ့နော်။ (၁) နာရီခွဲဝန်းကျင်လောက်ကနဲ့ ဟိုက်စကီးလာတာပေါ့နော်။ ဗုံးမကြဲဘူး။ လက်နက်အင်အား ဖြည့်တာလား ဆိုတာတော့ သေချာမသိဘူး။ ဒါပေမယ့် ကျနော်တို့တွက်ကြည့်တာကတော့ လက်နက်ခဲယမ်းချပေးတာလို့ ကျနော်တို့ယူဆတယ်။ ”

ဒီလိုမီးလောင်မှုဖြစ်ပွါးတိုင်းမှာ စစ်ကောင်စီတပ်နဲ့ထန်တလန် CDF ကြား အပြန်အလှန်စွပ်စွဲမှုတွေရှိနေခဲ့ပါတယ်။ ဇန်နဝါရီလ ၁ ရက်နေ့က ထန်တလန် ၁ ရက်ကွက်က လူနေအိမ်တချို့ မီးလောင်တာ၊ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၈ ရက်နဲ့ နိုဝင်ဘာ ၂၄ ရက်နေ့တို့မှာ ထန်တလန်အမှတ် ၂ ရပ်ကွက်က လူနေအိမ်တချို့ မီးလောင်တာတွေဟာ PDF အဖွဲ့ လက်ချက်တွေဖြစ်တယ်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားပါတယ်။ အောက်တိုဘာ ၂၉ ရက်နေ့မှာ မီးရှို့ခံရမှုမှာလည်း လူနေအိမ်ခြေအပြင် ဘုရားရှိခိုးကျောင်းသုံးကျောင်း မီးလောင်ဆုံးရှုံးတယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ပါတယ်။

ထန်တလန်မြို့မှာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလကနေ ဒီနှစ်ဇန္နဝါရီလ (၄) ရက်နေ့အထိ မီး (၁၈) ကြိမ်လောင်ကျွမ်းခဲ့ပြီး စုစုပေါင်း လူနေအိမ် ( ၈၀၀) ကျော်၊ ဘာသာရေးအဆောက်အဦး ၂၈ လုံး၊ မီးလောင်ကျွမ်းခဲ့တယ်လို့သိရပါတယ်။

လက်ရှိထန်တလန်မြို့အတွင်းမှာ ဒေသခံတွေ အားလုံးအိုးအိမ်စွန့်ခွါနေရသလို လူဦးရေ (၁၁,၀၀၀) ကျော် စစ်ပြေး ဒုက္ခသည်အဖြစ် တိမ်းရှောင်နေရပါတယ်။

အလားတူချင်းပြည်နယ် မတူပီမြို့နယ်မှာ မနေ့ကနဲ့ ဒီနေ့မနက်မှာ ဒေသခံ CDF အဖွဲ့နဲ့စစ်ကောင်စီတပ်ကြား တိုက်ပွဲဖြစ်ခဲ့တယ်လို့ မတူပီ CDF ပြန်ကြားရေးတာဝန်ခံတဦးကပြောပါတယ်။

“ဒီနေ့ကျနော်တို့ ထယ်ဘွေးစခန်းမှာပဲပေါ့နော်။ (၉) နာရီ (၄၀) မိနစ်မှာ ဆက်လက်ပြီးမှ ထိတွေ့မှုဖြစ် စဉ် လေးတွေရှိခဲ့တယ်။ မနေ့ကတိုက်ပွဲကတော့မတူပီ ပလက်ဝလမ်းခွဲပေါ့နော်။ ထယ်ဘွေးစခန်း ရယ်။ မတူပီ ဟားခါးပြည်ထောင်စုလမ်းမပေါ်မှာပေါ့နော်။ နှစ်နေရာဖြစ်တယ်ပေါ့။ မနေ့ကဖြစ်စဉ်မှာ သူတို့ရဲ့ထယ်ဘွေး တပ်စခန်းကို ကျနော်တို့က ထိုးစစ်ဆင်တာပေါ့နော်။ နောက်တခုကကျတော့ မတူပီ ဟားခါး ပြည်ထောင်စုလမ်းမပေါ်မှာ သူတို့ဘက်က စစ်အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းချီလာတာပေါ့နော်။ အဲဒီမှာ ထိတွေ့မှုလေးတွေ ဖြစ်တာပေါ့။ စစ်ကောင်စီဘက်က (၅) ဦးသေပြီးတော့မှလေ (၁၀) ဦးခန့် ဒဏ်ရာရရှိပါတယ်ခင်ဗျ။ ကျနော်တို့ဘက်ကတော့ ရဲဘော်တဦး မိုင်းထိတယ်။ အဲဒီအခြေအနေလးတော့ရှိခဲ့တယ်။”

စစ်ကောင်စီတပ်စွဲထားတဲ့ ထယ်ဘွေးတပ်စခန်းကို CDF-Matupi တပ်ရင်း (၃) နဲ့ တပ်ရင်း (၄) ပူးပေါင်းတပ်ဖွဲ့တို့က ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။ တိုက်ပွဲအတွင်းစစ်ကောင်စီတပ်ဘက်ကထိခိုက်မှုများတယ်လို့ မတူပီ CDF ဘက်က ပြောပေမယ့် VOA က သီးခြားအတည်ပြုလို့ မရပါဘူး။ ထန်တလန်နဲ့ မတူပီမြို့နယ်အတွင်း တိုက်ပွဲအခြေအနေကိုသိရှိဖို့ စစ်ကောင်စီပြောခွင့်ရကိုဆက်သွယ်ခဲ့ပေမယ့် တုံ့ပြန်ချက်မရပါဘူး။

အလားတူ စစ်ရေးတင်းမာနေတဲ့ကန်ပက်လက်မြို့နယ်မှာလည်း မြို့ခံအများအပြား နေရပ်ကနေ တိမ်းရှောင်နေကြရပါတယ်။တိမ်းရှောင်နေတဲ့ကန်ပက်လက်မြို့ခံတွေ နှစ်ပတ်အတွင်းနေရပ်ပြန်ကြဖို့လည်း စစ်ကောင်စီတပ်ကနေ ကြေညာထားကြောင်း မြို့ခံတဦးကပြောပါတယ်။

“အိမ်ပြန်ဖို့တိုက်တွန်းထားတာမှန်တယ်။ ဘာလဲဆိုတော့သူတို့ ဒီနှစ်ပတ်အတွင်းမှာ ဒီလ (၁၉) ရက်အထိပဲ သူတို့ခွင့်ပြုမယ်လို့ပြောတယ်။ (၁၉) ရက်အတွင်းပြန်လာမနေတဲ့သူတွေ အိမ်ချိတ်ပိတ်မယ်လို့ အဲဒီလိုပြောထားတယ်။”

ကန်ပက်လက်မြို့မှာ ချင်းကာကွယ်ရေးအဖွဲ့ CDF နဲ့ စစ်ကောင်စီတပ်တို့အကြား (၂၀၂၁) ခုနှစ်၊ မေလလယ်ကစပြီး ပစ်ခတ် တိုက်ခိုက်မှုတွေရှိလာနေခဲ့ပါတယ်။ တိုက်ပွဲကြောင့် မြို့ခံထောင်နဲ့ချီနေရပ်ကနေတိမ်းရှောင်နေရဆဲအခြေအနေကြောင့် စစ်ကောင်စီတပ်ကနေရပ်ပြန်ဖို့ ကြေညာထားပေမယ့် ပြန်ဖို့အခြေအနေမှာမရှိဘူးလို့ ကန်ပက်လက်မြို့ခံက ဆက်ပြောပါတယ်။

“စုစုပေါင်းကန်ပက်လက်လူဦးရေက (၅,၀၀၀)ဝန်းကျင်ရှိမယ်ဆိုတော့ (၄,၀၀၀) ကျော်ကျော်လောက်ကို တိမ်းရှောင်နေကြတာ။ အခုကန်ပက်လက်မှာကျန်နေတာကတော့ (၂၀၀) (၃၀၀) လောက်ပဲ ရှိမယ်ထင်တယ်။ အဲဒီလို ချိတ်ပိတ်မယ်လေး ဘာလေး ညာလေးပြောတော့ ပြန်တက်လာတဲ့လူတော့ ရှိကောင်းရှိမလားတော့မသိဘူး။ ဒါပေမယ့် တအိမ်ထောင် နှစ်အိမ်ထောင်လောက်တော့ပြန်တက်လာပြီးမှ အများစုကတော့ ပြန်တက်လာဖို့တော့မဖြစ်နိုင်ဘူး။”

ချင်းပြည်နယ်မှာဆိုရင် မင်းတပ်၊ ကန်ပက်လက်၊ ဟားခါး၊ ထန်တလန်၊ မတူပီ၊ တီးတိန် ဖလမ်းစတဲ့မြို့ နယ်က ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကြား တိုက်ပွဲတွေဖြစ်ပွါးနေတာပါ။ ဒီလိုဖြစ်ပွါးနေတဲ့ပစ်ခတ်တိုက်ခိုက်မှုဖြစ်စဉ်အတွင်း ဒေသခံ တသိန်းလောက် နေရပ်ကနေ တိမ်းရှောင်နေရဆဲလို့ ဒုက္ခသည်အကူညီပေးနေသူတွေကပြောပါတယ်။

တိုက်ရိုက် လင့်ခ်

===============

[[Unicode]]




















===============

XS
SM
MD
LG