သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်နဲ့ရုရှားကုမ္ပဏီတွေကို ကန်အရေးယူမှု တရုတ်ကန့်ကွက်


 တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ Hua Chunying
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ Hua Chunying

မြောက်ကိုရီးယားရဲ့ နျူကလီးယား အစီအစဉ်တွေကို အားပေးကူညီမှု စွပ်စွဲချက်နဲ့ တရုတ်နဲ့ ရုရှားကုမ္ပဏီတွေကို အမေရိကန် ပြည်ထောင်စုက ပိတ်ဆို့ဒဏ်ခတ်မှု အသစ်တွေ ချမှတ်လိုက်တဲ့အပေါ် တရုတ်နိုင်ငံက ကန့်ကွက်လိုက်ပါတယ်။

မြောက်ကိုရီးယားရဲ့ နျူကလီးယားလုပ်ငန်းတွေကို ထိန်းချုပ်နိုင်ဖို့ အမေရိကန်နဲ့ တရုတ်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေမှာ ဒဏ်ခတ်မှုတွေက အထောက်အကူ မဖြစ်တဲ့အကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ Hua Chunying က သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်တာပါ။ အမေရိကန် အနေနဲ့ အမှားကို ချက်ခြင်းပြင်ဆင်ဖို့လည်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရက တိုက်တွန်းလိုက်သလို၊ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ဖို့နဲ့ ပြဿနာကို ဖြေရှင်းနိုင်ရေး မြောက်ကိုရီးယားနဲ့ ဆွေးနွေးဖို့ တရုတ်နိုင်ငံရဲ့ တိုက်တွန်းချက်တွေကိုလည်း ထပ်မံ ပြောဆိုခဲ့ပါတယ်။

မြောက်ကိုရီးယားအပေါ် ပိတ်ဆို့ဒဏ်ခတ်မှုအသစ်တွေ ချမှတ်ပြီး၊ ပဲ့ထိန်းတပ်မစ်ဇိုင်းဒုံး စမ်းသပ်မှုတွေကို ပြစ်တင်ရှုတ်ချခဲ့တဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဒီလဆန်းက ဆုံးဖြတ်ချက်နဲ့အညီ ဆောင်ရွက်ခဲ့တဲ့လုပ်ရပ်အဖြစ်၊ အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနက မနေ့တုန်းကပဲ ဒဏ်ခတ်မှုတွေကို ကြေညာခဲ့တာပါ။ လုံခြုံရေးကောင်စီက တခဲနက် ဆုံးဖြတ်ချက် ချမှတ်ရာမှာတော့ တရုတ်နိုင်ငံလည်း ပါဝင်ခဲ့ပါတယ်။ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက အရေးယူဒဏ်ခတ်ဖို့ ကြေညာလိုက်တဲ့ စာရင်းမှာတော့ တရုတ်နိုင်ငံက ကျောက်မီးသွေး၊ သံမဏိနဲ့ ဘဏ္ဍာရေးလုပ်ငန်းတွေ အပါအဝင် ကုမ္ပဏီ ၁၀ ခုနဲ့ လူ ၆ ဦးကို ထည့်သွင်းထားပါတယ်။

တရုတ်၊ ရုရှားနဲ့ တခြားနိုင်ငံတွေက ကုမ္ပဏီနဲ့ လူပုဂ္ဂိုလ်တွေ အနေနဲ့ ပျက်စီးဆုံးရှုံးမှုတွေ ကြီးမားပြီး၊ ဒေသတွင်း တည်ငြိမ်မှုပျက်ပြားစေနိုင်တဲ့ လက်နက်တွေကို ထုတ်လုပ်ရာမှာ တဖက်တလမ်းက ဝင်ငွေရအောင် မြောက်ကိုရီးယားကို အထောက်အကူ ပေးနေတာဟာ လက်ခံနိုင်စရာ မရှိကြောင်းလည်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီး Steven Mnuchin က ပြောဆိုခဲ့တာပါ။ မြောက်ကိုရီးယား အနေနဲ့ ရှေ့အနာဂတ်မှာ အလားတူလုပ်ရပ်မျိုးတွေ မလုပ်နိုင်အောင်၊ ကုလသမဂ္ဂရဲ့ အရေးယူဒဏ်ခတ်မှု ဆုံးဖြတ်ချက်တွေနဲ့အညီ ဆောင်ရွက်နေတာသာ ဖြစ်ကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG