သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရှေ့ပင်လယ် ဝေဟင် တရုတ် ပိုင်စိုးမှု ဂျပန် တောင်ကိုရီးယား ပယ်ချ


တောင်တရုတ်ပင်လယ်အတွင်းက အငြင်းပွားနေတဲ့ ရေပိုက်နက်။
တောင်တရုတ်ပင်လယ်အတွင်းက အငြင်းပွားနေတဲ့ ရေပိုက်နက်။
အရှေ့တရုတ်ပင်လယ်ထဲက ဂျပန်ပိုင်နက်ထဲမှာ တရုတ်က ပိုင်နက်ဇုံအသစ် အဖြစ်ကြေညာလိုက်တဲ့ ဝေဟင်ထဲ မကြာသေးခင်က အမေရိကန်က ဗုံးကျဲလေယာဉ်တွေဖြတ်ပြီး ပျံသန်းပြခဲ့သလို ဂျပန်နဲ့ တောင်ကိုရီးယားနိုင်ငံတွေ ကလည်း သူတို့ရဲ့ လေယာဉ်တွေကို ပျံသန်းခဲ့ကြောင်းပြောကြားလိုက်ပါတယ်။
ဒီအငြင်းပွါးနေတဲ့ ဝေဟင်ဇုံထဲ တရုတ်အစိုးရကို အကြောင်းမကြားပဲ သူတို့ရဲ့ တိုက်လေယာဉ်တွေ ဖြတ်ပြီးပျံသန်းခဲ့တာလို့ ဂျပန်နဲ့ တောင်ကိုရီးယား အစိုးရတွေက ကြာသပတေးနေ့မှာ ပြောကြားလိုက်တာပါ။

ဒီလို ပျံသန်းမှုမှာ တရုတ်အစိုးရဘက်က တစုံတရာ နှောက်ယှက်တာမျိုး မတွေ့ရဘူးလို့လည်း ပြောကြားကြပါတယ်။
ဒီဇုံအသစ် ဟာ အရှေ့တရုတ် ပင်လယ်ပြင်ထဲက အငြင်းပွါးနေတဲ့ရေပြင်မှာ သတ်မှတ်ထားတာဖြစ်ပြီး တရုတ်က ဒီဝေဟင်ဇုံကို ADIZ လေကြောင်းကာကွယ်ရေးဇုံပိုင်နက်အဖြစ် သတ်မှတ်ကြောင်း စနေနေ့က ကြေညာခဲ့တာဖြစ်ပါတယ်။

ဒီဇုံအတွင်း အရပ်ဘက်ရော၊ စစ်ဘက်သုံးပါ တခြား ဘယ်နိုင်ငံကမဆို လေယာဉ်တွေဖြတ်သန်းမယ်ဆိုရင် သူတို့ကို အကြောင်းကြားပြီးမှ သွားလာရမှာဖြစ်ပြီး မလိုက်နာရင် အရေးပေါ်အရေးယူမှုတွေနဲ့ ရင်ဆိုင်ရဖို့ ရှိတယ်လို့ တရုတ်အစိုးရက သတိပေးထားတာပါ။

ဒီဇုံဟာ နိုင်ငံတကာအရပ်ဘက်ပျံသန်းမှုတွေကို တားမြစ်တာမဟုတ်ဖူးသလို သက်ဆိုင်ရာလေကြောင်းလိုင်းတွေဘက်ကလည်း တရုတ် လေကြောင်း ပိုမိုလုံခြုံရေးအတွက် ပူပေါင်းပါဝင်မယ်လို့ မျှော်လင့်ကြောင်း ကြာသပတေးနေ့မှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရ Qin Gang ကျင်ကျန်းက အခုအသစ်သတ်မှတ်လိုက်တဲ့ဇုံနဲ့ ပါတ်သက်ပြီး ကာကွယ်ပြောဆိုခဲ့ပါတယ်။

တရုတ်အစိုးရကြေညာတဲ့ဇုံအသစ်ထဲမှာ ဂျပန်နဲ့ နယ်မြေပိုင်ဆိုင်မှုဆိုင်ရာအငြင်းပွါးနေတဲ့ သယံဇာတပေါကြွယ်တဲ့ ကျွန်းတန်းတွေရှိရာ နေရာ အပေါ်က ဝေဟင်ပါ ပါဝင်ပါတယ်။
တနင်္လာနေ့ကတော့ အမေရိကန်ပြည်ထောင်စုက လက်နက်တပ်ဆင်မထားတဲ့ B- 52 ဗုံးကြဲလေယာဉ် ၂ စင်းကို တရုတ်အစိုးရကို အကြောင်းမကြားပဲ ပျံသန်းခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

ဂျပန်လေကြောင်းလိုင်းကလည်း ဂျပန်အာဏာပိုင်တွေရဲ့ ခွင့်ပြုချက်နဲ့ ဗုဒ္ဓဟူးနေ့က အဲဒီဝေဟင်ကိုဖြတ်ပြီး တရုတ်နိုင်ငံ ဘေဂျင်းမြို့ကို ပျံသန်းခဲ့တာဖြစ်ပါတယ်။
XS
SM
MD
LG