သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းပြည်တည်ငြိမ်ရေး တရုတ်သံအမတ်ကြီးနဲ့ SNLDဆွေးနွေး


မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် Hong Liang က နှစ်နိုင်ငံ နယ်စပ် အေးချမ်းတည်ငြိမ်ရေး ရှေ့ရှုပြီး ရှမ်းတိုင်းရင်းသားပါတီ SNLD -ရုံးချုပ်ကို လာရောက်စဉ်။ (ဒီဇင်ဘာ ၂၇၊ ၂၀၁၅) ဓာတ်ပုံ SNLD
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် Hong Liang က နှစ်နိုင်ငံ နယ်စပ် အေးချမ်းတည်ငြိမ်ရေး ရှေ့ရှုပြီး ရှမ်းတိုင်းရင်းသားပါတီ SNLD -ရုံးချုပ်ကို လာရောက်စဉ်။ (ဒီဇင်ဘာ ၂၇၊ ၂၀၁၅) ဓာတ်ပုံ SNLD

တရုတ်နိုင်ငံအနေနဲ့ အိမ်နီးချင်းမြန်မာနိုင်ငံအတွင်းက နယ်မြေချင်းထိဆက်နေတဲ့ ရှမ်းပြည်နယ်ရဲ့ အေးချမ်းတည်ငြိမ်ရေးကို လိုလားပြီး ရှမ်းပြည်နယ် ဖွံ့ဖြိုးရေး အတွက်လည်း အကူအညီပေးဖို့ စိတ်အားထက်သန်နေကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Hong Liang (ဟုန်လျန်) က ပြောပါတယ်။ ရွေးကောက်ပွဲ အပြီး ၂ လနီးပါးအကြာမှာ SNLD ဗဟိုရုံးချုပ်ကိုလာရောက်ပြီး ရှမ်းတိုင်းရင်း သား ခေါင်းဆောင်တွေနဲ့ ပထမဦးဆုံးအကြိမ် တွေ့ဆုံစဉ် အခုလိုပြောသွားခဲ့တာပါ။ အကြောင်းစုံကို ဆက်သွယ်စုံစမ်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က စုံစမ်းတင်ပြပေး ထားပါတယ်။

အရင်တုန်းက မြန်မာနိုင်ငံက နိုင်ငံရေးပါတီတွေကို သီးခြားတွေ့ဆုံလေ့ မရှိတဲ့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးဟာ ရွေးကောက်ပွဲအပြီးမှာ ချဉ်းကပ်မှု အသစ်တွေ လုပ်လာတာတွေ့ရပါတယ်။ဒီဇင်ဘာလ ၂၈ ရက် တနင်္လာနေ့ မနက်ပိုင်း ၁၀ နာရီခွဲလောက်က ရန်ကုန်မြို့မှာရှိတဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုဋ္ဌာနချုပ်ရုံးမှာ SNLD ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံ အမတ်ကြီး မစ္စတာ ဟုန်လျန်က လာရောက်တွေ့ဆုံခဲ့ပါတယ်။ တွေ့ဆုံ ဆွေးနွေးမှု အတွင်း ရှမ်းပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် တရုတ်နိုင်ငံက ကူညီ လိုကြောင်း တရုတ်သံအမတ်ကြီးက ပြောတယ်လို့ အဲဒီတွေ့ဆုံပွဲမှာ ကိုယ်တိုင်ပါဝင်ခဲ့တဲ့ SNLD ဒုဥက္ကဋ္ဌဦးစိုင်းစောအောင်က VOA ကိုပြော ပါတယ်။

“အဓိက ဒီလိုပြောတာကတော့ ကျနော်တို့ဗမာပြည်နဲ့ တရုတ်ပြည်ဟာ အိမ်နီးချင်း မိတ်ဆွေနိုင်ငံဖြစ်တယ်။ ရှမ်းပြည် နယ်နိမိတ်နဲ့ တရုတ်ပြည် နယ်နိမိတ်က ထိစပ်တာ အများကြီးရှိတယ်။ အဲတော့ကာ ညီရင်းအကိုတွေလည်းဖြစ်တယ်။ အဲဒါကြောင့် ဖွံ့ဖြိုးရေးအတွက် အကူအညီ ပေးချင်တာ- ဆိုပြီးတော့ စစချင်း မိတ်ဆက် ပြောပါတယ်။ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် တရုတ်ပြည်က နည်းပညာလည်း ရှိတယ်။ လူလည်း ရှိတယ်။ ပိုက်ဆံလည်းရှိတယ်။ အဲဒါမို့ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ကူညီချင်တယ်။”

မေး။ ။ “အဲဒီတော့လေ အရင်တုန်းက တိုင်းရင်းသားပါတီတွေ တိုင်းရင်းသား အဖွဲ့ အစည်းတွေကို ချဉ်းကပ်တာမျိုးမရှိတဲ့ တရုတ်အစိုးရ အာဏာပိုင်တွေက ရှမ်း တိုင်းရင်းသားဒေသမှာ ဖွံ့ဖြိုးတိုးတက်မှုတွေ လုပ်ချင်ပါတယ်လို့ သူတို့ဘက်ကနေ ချည်းကပ်လာတဲ့ ထူးခြားချက်က ဘယ်လို အကြောင်းထူးတွေ ရှိတာမို့လို့ ခန်းမှန်းမိပါသလဲ။”

ဖြေ။ ။ “အခုလာတဲ့ တရုတ်သံအမတ်ကိုလည်း ကျနော်တို့လည်း ပြောလိုက်ပါတယ်၊ အရင်က တစ်ခါမှ တွေ့ဆုံတာ မရှိဘူး။ သူတို့လည်း ဘာပြောလဲဆိုတော့ ‘ဟုတ် ပါတယ်၊ အခုကလည်းပဲ သူတို့ မူတွေ ပြောင်းနေပြီပေါ့။ အဲဒါကြောင့်မို့လို့ ဒီ နှစ်နိုင်ငံ ချစ်ကြည်ရေးမှာ သူတို့ ထဲထဲဝင်ဝင်ပေါ့ - အစိုးရအပြင် အရင်က မလုပ်ခဲ့တဲ့ ပြည် တွင်း အဖွဲ့အစည်း နိုင်ငံရေးပါတီတွေနဲ့ အခု တွေ့ဆုံတယ်’- လို့ဆိုပြီး ပြောပါတယ်။”

မြန်မာ့တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေဟာ ရှမ်းပြည်နယ်တွင်းမှာ အခုအချိန်ထိ တိုက်ပွဲဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။ တရုတ် နဲ့ နယ်စပ်ထိစပ်နေတဲ့ ရှမ်းပြည်နယ် တည်ငြိမ်အေးချမ်းရေးကို တရုတ်နိုင်ငံက လိုလားကြောင်း တရုတ် သံအမတ်ကြီး ဟုန်လျန်က ပြောဆို သွားတယ်လို့ ဦးစိုင်းစောအောင်ကပြောပါတယ်။

“အဲတော့ သူတချက်ပြောတာက ဘာလဲဆိုတော့ ဗမာပြည်ရဲ့မြောက်ပိုင်း၊ နယ်စပ် ချင်းထိတဲ့ ရှမ်းပြည်နယ်-ပေါ့။ အဲဒီ နယ်စပ်တလျှောက်မှာ တော့ တည်တည် ငြိမ်ငြိမ်နဲ့ အေးအေးချမ်းချမ်း ဖြစ်ချင်တယ်-ဆိုတဲ့ သဘောထားလည်း ပြောပါတယ်။ ကျနော်ထင်တာကတော့ သူတို့ ဒီ တရုတ်ပြည်ရဲ့ နယ်နိမိတ်တလျှောက်မှာ တိုက်ပွဲဖြစ်တာ၊ မတည်မငြိမ်ဖြစ်တာတော့ သူတို့ စိုးရိမ်တယ်လို့ ကျနော်ထင်တာပဲ။”

မေး ။ ။ နောက်တခုက NLD ပါတီအစိုးရဖွဲ့ပြီး နောက်ပိုင်းမှာ အရင်စစ်အစိုးရလက်ထက် သဘောတူချုပ်ထားတဲ့ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှု စီးပွားရေး စီမံကိန်းတွေ အပြောင်းလဲဖြစ်လာမှာတို့ ၊ အကန့်သတ်ခံရမှာတို့နဲ့ ပတ်သက်ပြီးတော့ တရုတ်ဘက်က စိုးရိမ်မှုရှိနေတာကိုရော မြင်ရလား ခင်ဗျ။

“ဒီကနေ့ ကျနော်တို့ ဆွေးနွေးတဲ့အချက်ထဲမှာတော့ ဒီဟာ စိုးရိမ်တယ်လို့တော့ တလုံးတပါဒဖွင့်တဲ့ အရိပ်အခြည် မတွေ့ရပါဘူးခင်ဗျ။ ”

တရုတ်သံအမတ်ကြီး ဟုန်လျန်ဟာ SNLD ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးနဲ့ (၁) နာရီကျော် ကြာ တွေ့ဆုံခဲ့ပြီး ဒီတွေ့ဆုံမှုအတွင်း ရွေးကောက်ပွဲကိစ္စ၊ လက်ရှိ နိုင်ငံရေး အခြေအနေနဲ့ ငြိမ်းချမ်းရေးကိစ္စ၊ ရှမ်းပြည်နယ်နဲ့ ထိစပ်နေတဲ့ နယ်စပ်ကိစ္စတွေ ကို ဆွေးနွေးခဲ့တယ်လို့ SNLD ဖေ့စ်ဘွတ်ခ် စာမျက်နှာမှာ ရေးထား ပါတယ်။ မြန် မာပြည်ရဲ့ နိုင်ငံရေး အသွင်ကူးပြောင်းမှုဟာ လွယ်ကူပျော့ပျောင်းလိမ့်မယ် လို့ မျှော်လင့်ကြောင်း တရုတ် သံအမတ်ကြီးက ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

XS
SM
MD
LG