အမေရိကန်စီးပွားရေးလေယာဉ်လိုင်းတွေအနေနဲ့ တရုတ်နိုင်ငံက အသစ် ကြေညာထားတဲ့ ဝေဟင်လုံခြုံရေးနယ်မြေပေါ်က ပျံသန်းမယ်ဆိုရင် တရုတ် အာဏာပိုင်တွေကို အသိပေးကြဖို့ အမေရိကန်အစိုးရက ညွှန်ကြားလိုက်ပါတယ်။
ဒါပေမယ့် ဒီလိုအသိပေးခိုင်းတာဟာ တရုတ်အစိုးရရဲ့အလိုကို လက်ခံ လိုက်လျောတဲ့သဘောမျိုး မဟုတ်ဘူးလို့လည်း အမေရိကန်အရာရှိကြီးတွေက ဆိုပါတယ်။
အဆိုပါနယ်မြေကို ဖြတ်သန်း၊ ပျံသန်းမယ့်လေယာဉ်တွေအားလုံး သူတို့ဟာ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာကို ဖော်ပြပြီး တရုတ်တို့ရဲ့ ညွှန်ကြားချက်ကို လိုက်နာကြရလိမ့်မယ်လို့ ပြီးခဲ့တဲ့အပတ်ကမှ တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက ကြေညာခဲ့တာပါ။ တရုတ်နိုင်ငံရဲ့ ဝေဟင်ပိုက်နက်သစ်ကြေညာချက်ကို ဂျပန်၊ အမေရိကန်ပြည်ထောင်စုနဲ့ တောင်ကိုရီးယားတို့က ငြင်းဆိုထားကြပါတယ်။