သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယား အဆိပ်ငွေ့လက်နက်စုံစမ်းရေး ရုရှားနဲ့တရုတ်ပါဝင်တောင်းဆို


ဆီးရီးယားနိုင်ငံမြို့တော်ရဲ့ ဆင်ခြေဖုံးတခုမှာ အစိုးရက အဆိပ်ဓာတ်ငွေ့တွေ သုံးပြီး တိုက်ခိုက်မှုတွေ ရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဖို့ နိုင်ငံတကာက တောင်းဆိုနေတာမှာ အခုအခါ ရုရှားနဲ့ တရုတ်နိုင်ငံတွေကလည်း ပါဝင်လာပြီဖြစ်ပါတယ်။

အဆိပ်ဓာတ်ငွေ့သုံး တိုက်ခိုက်ခဲ့တယ်ဆိုတဲ့ ကိစ္စနဲ့ပတ်သက်လို့ အမေရိကန်သမ္မတ ဘရက်ခ်အိုဘားမားက အထူးစိုးရိမ်ကြောင်း ထုတ်ဖော် ပြောဆိုထားပါတယ်။ ဒီသီတင်းပတ်ထဲ ဒီလို တိုက်ခိုက်မှုကြောင့် လူတွေ ရာနဲ့ချီ သေဆုံးခဲ့ရတယ်ဆိုတဲ့ ဆီးရီးယား အတိုက်အခံတွေဘက်က စွပ်စွဲထားတဲ့အပေါ်မှာ စုံစမ်းစစ်ဆေးမှုတွေ ထိထိရောက်ရောက် ဆောင်ရွက်ဖို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဌာနက တောင်းဆိုထားပါတယ်။

ဆီးရီးယားအစိုးရအနေနဲ့ ဒီကိစ္စ ပူးပေါင်းဆောင်ရွက်ဖို့ တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။ ဓာတုလက်နက်တွေ အသုံးပြုခဲ့တယ်ဆိုတဲ့ အစောပိုင်း စွပ်စွဲချက်တွေနဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးဖို့ ဆီးရီးယားနိုင်ငံထဲကို ရောက်နေတဲ့ ကုလသမဂ္ဂ စုံစမ်း စစ်ဆေးရေးမှူးတွေ ဘေးကင်းလုံခြုံစွာ သွားလာနိုင်ရေး ဆီးရီးယားအတိုက်အခံတွေက အာမခံပေးဖို့လည်း ရုရှားအစိုးရက တောင်းဆိုလိုက်ပါတယ်။

ဆီးရီးယားနိုင်ငံထဲမှာ ကုလသမဂ္ဂဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့တွေ စစ်ဆေးမှုတွေလုပ်နိုင်ဖို့ အမေရိကန် ပြည်ထောင်စုကလည်း တွန်းအားပေးနေတာ ဖြစ်ပါတယ်။ ဓာတုလက်နက် အသုံးပြုမှုနဲ့ပတ်သက်လို့ အချက်အလက် စုဆောင်းရှာဖွေမှုတွေကို တာဝန်ရှိသူတွေက လုပ်ဆောင်နေဆဲဖြစ်ပေမဲ့လို့ ဒီတိုက်ခိုက်မှုတွေဟာ အကြီးအကျယ် စိုးရိမ်စရာအခြေအနေဖြစ်တယ်လို့ အမေရိကန်သမ္မတ ဘရက် အိုဘားမားက ပြောဆိုထားပါတယ်။
XS
SM
MD
LG