ထိုင်ဝမ်အနေနဲ့ ခွဲထွက်ဖို့ အရှိန်မြှင့် ကြိုးစားလာမယ်ဆိုရင် တင်းတင်းကြပ်ကြပ် ချုပ်ကိုင်သွားမှာဖြစ်ကြောင်း တရုတ်နိုင်ငံက သတိပေးလိုက်ပါတယ်။ ခွဲထွက်ဖို့ ကြိုးပမ်းသူတွေအနေနဲ့ အကျိုးဆက်ကို ရင်ဆိုင်ရမှာဖြစ်ကြောင်းလည်း တရုတ်စစ်တပ်က ဒီကနေ့ တနင်္ဂနွေနေ့ မတ်လ ၉ ရက်နေ့မှာ ပြောဆိုတာပါ။ ထိုင်ဝမ်ဟာ တရုတ်နိုင်ငံရဲ့ အစိတ်အပိုင်း ဖြစ်ပြီး ထိုင်ဝမ်ကို ပြန်လည်ရယူဖို့ စစ်အင်အား အသုံးမပြုဘူးဆိုပြီး တရုတ်က ပြောဆိုထားတာမျိုး မရှိပါဘူး။
အခုနှစ်ပိုင်းတွေအတွင်း တရုတ်နိုင်ငံဟာ ထိုင်ဝမ်အာဏာပိုင်တွေအပေါ် ဖိအားပိုပေးလာပြီး ထိုင်ဝမ်ကျွန်းပတ်လည်မှာ ရေကြောင်းရော လေကြောင်းကပါ စစ်ရေးလေ့ကျင့်လာတာပါ။ ထိုင်ဝမ် ခွဲထွက်ရေးလှုပ်ရှားသူတွေအနေနဲ့ ပိုပြီးထကြွလေ သူတို့ လည်ပင်းစွပ်ထားတဲ့ ကြိုးကွင်းကို ပိုတင်းကြပ်မှာဖြစ်ပြီး သူတို့ခေါင်းပေါ်မှာ ဓါးထက်ထက်ကို တင်ထားမှာ ဖြစ်တယ်လို့ တရုတ်ကြည်းတပ် ပြောခွင့်ရ Wu Qian က တရုတ်နိုင်ငံပိုင် CCTV နဲ့ တွေ့ဆုံမေးမြန်းခန်းအတွင်း ပြောဆိုသွားပါတယ်။ PLA တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်အနေနဲ့ ခွဲထွက်ရေးဝါဒကို နှိမ်နင်းသွားမှာ ဖြစ်သလို ပြန်လည်ပေါင်းစည်းမှုကို အားပေးသွားမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
တရုတ်နိုင်ငံ ထိပ်ပိုင်းခေါင်းဆောင်တွေရဲ့ ညီလာခံကျင်းပချိန်ကာလအတွင်း ၂၀၂၅ ခုနှစ်အတွက် ကာကွယ်ရေး အသုံးစားရိတ် ၇.၂ ရာခိုင်နှုန်း တိုးမြှင့်ကြောင်း ကြေညာပြီး ရက်ပိုင်းအကြာမှာ တရုတ်စစ်တပ်က အခုလို ပြောလိုက်တာပါ။ ဒီအသုံးစားရိတ်ထဲကနေ တိုက်ခိုက်ရေးတပ်ဖွဲ့ဝင်တွေရဲ့ စွမ်းရည်မြှင့်တင်ရေး၊ ကြည်းရေလေ ပူးပေါင်း တိုက်ခိုက်မှု စွမ်းရည်မြင့်မားရေးနဲ့ စစ်မြေပြင် ထောက်ပို့ရေးလုပ်ငန်းတွေအတွက် အသုံးချသွားမှာလို့လည်း Wu က ပြောပါတယ်။
တရုတ်နိုင်ငံမှာ စီးပွားရေး တိုးတက်လာတာနဲ့အမျှ၊ ကာကွယ်ရေး အသုံးစရိတ် တိုးမြှင့်လာတာ ဆယ်စုနှစ်တွေနဲ့ချီ ရှိနေပြီး အဓိက ယှဥ်ပြိုင်ဘက်ဖြစ်တဲ့ အမေရိကန်ပြီးရင် ဒုတိယ အများဆုံးသုံးစွဲတာလည်း ဖြစ်ပါတယ်။ တရုတ်နိုင်ငံဟာ ဒီနှစ်အတွက် ကာကွယ်ရေးအသုံးစရိတ် ဒေါ်လာ ၂၄၅.၇ ဘီလျံ သုံးစွဲပေမယ့် အမေရိကန်ထက်စာရင်တော့ ၃ ပုံ ၁ ပုံ ထက်တောင် လျော့နည်းနေသေးပါတယ်။
တရုတ်ဝန်ကြီးချုပ် Wang Yi ကလည်း ထိုင်ဝမ်-တရုတ်ရဲ့ ထိန်းချုပ်မှုအောက် ပြန်ရောက်ရှိရေးဟာ အခုချိန်မှာ တရုတ်ပြည်သူအားလုံးရဲ့ မျှော်လင့်ချက် ဖြစ်တယ်လို့ သတင်းထောက်တွေကို မတ်လ ၇ ရက်နေ့က ပြောဆိုပါတယ်။ ထိုင်ဝမ်ကိုအကြောင်းပြုပြီး တရုတ်ကို ထိန်းချုပ်ဖို့ ကြိုစားတာဟာ လက်တွေ့မကျဘူးလို့လည်း ပြောဆိုသွားပါတယ်။
Forum