သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်သမ္မတနှုတ်ထွက်ရေး အိတ်ဖွင့်ပေးစာကြောင့် တက်ကြွလှုပ်ရှားသူ မိသားစုဖမ်းခံရ


တရုတ်သမ္မတ ရှီကျင့်ပင် ရာထူးက နှုတ်ထွက်ပေးဖို့ အိတ်ဖွင့်ပေးစာ ရေးသားခဲ့သူကို လိုက်လံ ရှာဖွေတဲ့အနေနဲ့ တရုတ်နိုင်ငံ တောင်ပိုင်းမှာရှိတဲ့ သူ့မိသားစုဝင် ၃ ဦးကို အာဏာပိုင်တွေက ဖမ်းဆီး ထိန်းသိမ်းလိုက်တယ်လို့ နယူးယောက်မြို့မှာ အခြေချ နေထိုင်နေတဲ့ တရုတ်နိုင်ငံသား အင်တာနက်ပေါ်က တက်ကြွလှုပ်ရှားသူက ပြောပါတယ်။

သမ္မတ ရှီကျင့်ပင် နှုတ်ထွက်ပေးရေး တောင်းဆိုတဲ့စာ ဖြန့်ဝေတဲ့ကိစ္စမှာ မသင်္ကာမှုနဲ့ သူ့မိသားစုဝင်တွေကို အစိုးရက စုံစမ်း မေးမြန်းမှုတွေ ပြုလုပ်ခဲ့တယ်လို့ ပြောဆိုပြီး ရက်အနဲငယ်အကြာ သူ့မိဘ ၂ ဦးနဲ့ ညီဖြစ်သူတို့ အင်္ဂါနေ့ကစပြီး ပျောက်နေတယ်လို့ တက်ကြွ လှုပ်ရှားသူ Wen Yunchao က ပြောပါတယ်။ Wen ကတော့ အဲဒီ စာရေးသားမှုနဲ့ ပတ်သက်ခြင်း မရှိကြောင်း ငြင်းဆိုထားပြီး တရုတ်နိုင်ငံအတွင်း အဲဒီစာတွေ ဖြန့်ဝေပြီးမှ သူ့ရဲ့ Twitter လူမှုကွန်ယက်က တဆင့် ချိတ်ဆက် ဖြန့်ဝေခြင်း ဖြစ်တယ်လို့ ပြောပါတယ်။

အဲဒီ အိတ်ဖွင့်ပေးစာကိုတော့ Wujie သတင်းဌာနက တရုတ်အရာရှိတွေ ကျင်းပတဲ့ နှစ်ပတ်လည် စည်းဝေးပွဲ စတင်တဲ့နေ့ မတ်လ ၄ ရက်နေ့က စတင် ဖြန့်ချီလိုက်တာ ဖြစ်ပါတယ်။ အဲဒီ အိတ်ဖွင့်ပေးစာထဲမှာ သမ္မတ ရှီအနေနဲ့ တရုတ်နိုင်ငံအတွင်း မကြုံဖူးတဲ့ ပြဿနာတွေ ဖြစ်ပေါ်အောင် လုပ်ဆောင်သူအဖြစ် အပြစ်ဖို့ထားပြီး ရာထူးက ချက်ခြင်း နှုတ်ထွက်ပေးဖို့ တောင်းဆိုထားတာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံက ဒုတိယသတင်းထောက်လည်းဖြစ်၊ အလွတ် စာရေးဆရာလည်းဖြစ်တဲ့ Jia Jia ဆိုသူဟာလည်း ဟောင်ကောင်ကိုသွားမယ့် လေယာဉ်ပေါ် တက်ခါနီး ဘေဂျင်းလေဆိပ်မှာ အင်္ဂါနေ့က ပျောက်ဆုံးသွားတယ်လို့ ဆိုပါတယ်။

သူ့ကို ရဲတပ်ဖွဲ့က ဖမ်းဆီး ခေါ်ဆောင်သွားခြင်း ဖြစ်တယ်လို့ သူ့ရဲ့ရှေ့နေက အနောက်တိုင်း သတင်းဌာနတွေကို ပြောကြားခဲ့ပြီး အဲဒီ အိတ်ဖွင့်ပေးစာကို တဆင့် ပြန်လည် ဖြန့်ဝေခြင်း မလုပ်ကြဖို့ တခြား သတင်းထောက်တွေကို သတိပေးအပြီးမှာ အဲဒီလို ဖမ်းခံလိုက်ရတာလို့ ဆိုပါတယ်။

Wujie အင်တာနက် သတင်းဌာနက ထိပ်တန်း အယ်ဒီတာ ၂ ဦးနဲ့ ထိပ်တန်း နည်းပညာပိုင်းဆိုင်ရာ ပုဂ္ဂိုလ် ၂ ဦးတို့လည်း ဖမ်းဆီးခံထားရတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

XS
SM
MD
LG