သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗြိတိသျှနဲ့အမေရိကန် နိုင်ငံသား ၂ ဦး တရုတ်အစိုးရ ဖမ်းဆီး


တရုတ်နိုင်ငံသားတွေရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်တွေကို တရားမဝင် ဝယ်ယူရောင်းချတယ်ဆိုတဲ့ စွဲချက်နဲ့ ဗြိတိန်နိုင်ငံသားတဦးနဲ့ ဇနီးဖြစ်သူ အမေရိကန် နိုင်ငံသားတဦးတို့ကို တရုတ်အာဏာပိုင်တွေက တရားရုံး တင်လိုက်ပါတယ်။ Peter Humphrey နဲ့ ဇနီးဖြစ်သူ Yingzeng Yu တို့ နှစ်ဦးကို အခု ဇူလိုင်လမှာ တရုတ်အာဏာပိုင်တွေက ဖမ်းဆီးထိန်းသိမ်းခဲ့တာပါ။

ဗြိတိသျှ ဆေးဝါးထုတ်လုပ်ရေး ကုမ္ပဏီဖြစ်တဲ့ GlaxoSmithKline လုပ်ငန်းအနေနဲ့ လာဘ်ပေးလာဘ်ယူ လုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်အပေါ် တရုတ်နိုင်ငံက စုံစမ်းစစ်ဆေးမှု လုပ်နေတာနဲ့ ဆက်နွယ်ပြီး သူတို့ စုံတွဲကို ဖမ်းဆီးခဲ့ပုံ ရှိပါတယ်။

သူတို့ကို ဖမ်းဆီးထားတာနဲ့ ပတ်သက်လို့ တရုတ်တာဝန်ရှိသူတွေဘက်က အင်္ဂါနေ့ ရှင်းလင်းပြောကြားရာမှာတော့ တရုတ်နိုင်ငံသားတွေနဲ့ ပတ်သက်တဲ့ ပိုင်ဆိုင်မှုမှတ်တမ်း၊ ခရီးသွားလာမှုနဲ့ အိမ်ထောင်စုဆိုင်ရာ အချက်အလက်တွေ စတဲ့ သတင်းအချက်အလက်တွေကို အလွတ်စုံစမ်းရေးမှူး နှစ်ဦးကနေ သိမ်းဆည်းရမိထားတယ်လို့ ပြောပါတယ်။

သူတို့နှစ်ဦးဟာ အဲဒီ သတင်းအချက်အလက်တွေကို နိုင်ငံတကာ ကုမ္ပဏီကြီးတွေ၊ ရှေ့နေရုံးတွေနဲ့ အခြားအဖွဲ့အစည်းတွေကို ဈေးကြီးကြီးနဲ့
ရောင်းချခဲ့တယ်လို့လည်း ဆိုပါတယ်။ တရုတ်အစိုးရပိုင် ရုပ်သံသတင်းမှာတော့ အရင် ရိုက်တာသတင်းဌာနမှာ သတင်းထောက်လုပ်ခဲ့ဖူးတဲ့ Humphrey ကို လက်ထိပ်ခတ်ထားတာ တွေ့ရပါတယ်။

ပုဂ္ဂိုလ်ရေး အချက်အလက်တွေ ရဖို့အတွက် သူဟာ တရားမဝင်တဲ့ နည်းလမ်းတွေကို တခါတရန် အသုံးပြုခဲ့တယ်ဆိုတာကို အင်္ဂါနေ့ ကြားနာမှုမှာ Humphrey က ဝန်ခံထားပါတယ်။ Humphrey ရော ဇနီးဖြစ်သူ Yu တို့ နှစ်ဦးဟာ ဘာကိုမှ ဖုံးကွယ်မထားဘဲ ရာဇဝတ်မှုကို ဝန်ခံဖြောင့်ချက်ပေး ခဲ့တယ်လို့ တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းမှာ ဖော်ပြပါတယ်။

ဒီအမှုနဲ့ပတ်သက်လို့ ဗြိတိသျှဘက်ကရော အမေရိကန် အာဏာပိုင်တွေဘက်ကပါ တစုံတရာ မှတ်ချက်ပေး ပြောဆိုတာ မရှိသေးပါဘူး။ သူတို့နှစ်ဦးဟာ ChinaWhys Ltd ဆိုတဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ ပတ်သက်လို့ စိတ်ချလုံခြုံမှုရှိအောင် စီမံဆောင်ရွက်ပေးတဲ့ ကုမ္ပဏီကို ထူထောင် လုပ်ကိုင်နေတာပါ။
XS
SM
MD
LG