သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တီယန်နန်မင် အကြမ်းဖက်တိုက်ခိုက်မှု ၅ ယောက်ဖမ်း


တရုတ်နိုင်ငံ ဘေဂျင်းမြို့တော်က နာမည်ကျော် Tiananmen ရင်ပြင်မှာ တနင်္လာနေ့တုန်းက ဖြစ်ပွားခဲ့တဲ့ ကားတိုက်မှုကို အကြမ်းဖက် တိုက်ခိုက်မှုအဖြစ် ရည်ညွှန်းပြီး၊ ဆက်နွယ်သူတွေအဖြစ် သံသယရှိသူ လူ ၅ ဦးကိုလည်း ဖမ်းဆီးလိုက်ကြောင်း တရုတ်ရဲတပ်ဖွဲ့က ပြောပါတယ်။

Forbidden City လို့ခေါ်တဲ့ တရုတ်ဧကရာဇ်ဟောင်းရဲ့ နန်းတော်ရှိရာ အနီးအနားက အတားအဆီးတွေကို ကျော်လွှားပြီး SUV ကားတစင်းနဲ့ မောင်းဝင်လာသူ ၃ ဦးဟာ တမင်သက်သက် ကားကိုမီးရှို့ခဲ့ကြတဲ့ အကြောင်းလည်း ပြောဆိုခဲ့တာပါ။ ကားထဲမှာ ဓာတ်ဆီတွေ၊ ဓားတွေ၊ သံမဏိချောင်းတွေအပြင် အလံတခုနဲ့ တခြား ဘာသာရေး အစွန်းရောက်သူတွေနဲ့ ဆက်နွယ်တဲ့ ပစ္စည်းတွေ တွေ့ရှိရကြောင်းလည်း ရဲတပ်ဖွဲ့က ပြောပါတယ်။ ကားထဲမှာ လိုက်ပါလာပြီး သေဆုံးသွားသူ ၃ ဦးဟာ လူနည်းစု မူဆလင်ဝီဂါတွေ နာမည်တွေနဲ့ ဖြစ်ကြပြီး မိသားစု တခုတည်းက ဖြစ်တယ်လို့လည်း ပြောပါတယ်။

တိုက်ခိုက်မှုအတွင်း သူတို့ ၃ ဦးအပြင် ကားပေါ်မှာ လိုက်ပါလာတဲ့ ဖိလစ်ပိုင် အမျိုးသမီး တဦးနဲ့ တရုတ်အမျိုးသား တဦးတို့လည်း သေဆုံးခဲ့ကြတာပါ။ သံသယရှိသူတွေအဖြစ် နောက်ထပ် ဖမ်းဆီးထားသူ ၅ ဦးမှာ ၄ ဦးကတော့ ဝီဂါနာမည်တွေ ဖြစ်ကြပြီး ကျန်တယောက်ကတော့ ဟန်အနွယ်တရုတ်လူမျိုး ဖြစ်ပါတယ်။ အကြမ်းဖက်မှုဟာ ဝီဂါလှုပ်ရှားမှုနဲ့ ဆက်နွယ်ကြောင်း စွပ်စွဲချက်ကိုတော့ အဝေးရောက် ဝီဂါခေါင်းဆောင်တွေက ပယ်ချခဲ့ကြတာပါ။ လူများစု ဟန်တရုတ်လူမျိုး အုပ်စိုးသူတွေက ဝီဂါတွေအပေါ် ဖိနှိပ်နေပြီး တိုင်းပြည်မှာ လူနည်းစုအဖြစ် ဖန်တီးထားတယ်လို့လည်း စွပ်စွဲခဲ့ကြပါတယ်။

နောက်ထပ် လူ ၃၈ ယောက် ထိခိုက်ဒဏ်ရာတွေ ရခဲ့တဲ့ အခင်းဖြစ်ပွားပြီး ဘေဂျင်းမြို့တော်မှာ အခုအထိ လုံခြုံရေးတွေကိုလည်း တိုးမြှင့်ထားပါတယ်။
XS
SM
MD
LG