သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စိုင်းနော်ခမ်း လက်ထောက် လွှဲပေးဖို့ တရုတ်တောင်းဆို


တရုတ်နိုင်ငံသား (၁၃) ဦး မဲခေါင်မြစ်တွင်း သတ်ဖြတ်ခံရမှုနဲ့ ဆက်နွယ်တယ်လို့ သံသယရှိသူ စိုင်းနော်ခမ်း ဦးဆောင်တဲ့ လက်နက်ကိုင်အဖွဲ့က လက်ထောက်တဦးကို လွဲှပြောင်းပေးဖို့ တရုတ် အာဏာပိုင်တွေက တောင်းခံ ခဲ့ပေမဲ့ မြန်မာနိုင်ငံက လက်မခံခဲ့ဘူးလို့ နီးစပ်သူ အသိုင်း အဝိုင်းက ပြောပါတယ်။ စိုင်းနော်ခမ်းကို လာအိုနိုင်ငံက လွှဲပြောင်းပေးခဲ့ပြီးတဲ့နောက် ဒီအမှုနဲ့ ပတ်သက်လို့ မြန်မာအာဏာပိုင်တွေနဲ့ ဒီသီတင်းပတ်တွင်း ဆွေးနွေးရာမှာ တရုတ်အာဏာပိုင်တွေက တောင်းဆိုခဲ့တာလို့ ဆိုပါတယ်။

ဒီသတင်းအပြည့်အစုံကိုတော့ ဗွီအိုအေ ထိုင်းအခြေစိုက်သတင်းထောက် နိုင်ကွန်းအိန်က သတင်းပေးပို့ထား ပါတယ်။

ရွှေတြိဂံနယ်မြေ မဲခေါင်မြစ်ကြောင်းမှာ တရုတ်သဘောၤသား (၁၃) ဦး သတ်ဖြတ်ခံရမှုမှာ တာဝန် ရှိတယ်လို့ ယုံကြည်ထားတဲ့ စိုင်းနော်ခမ်း ဦးဆောင်တဲ့အဖွဲ့ရဲ့ ထိပ်တန်းလက်ထောက် တဦးဖြစ်ပြီး နောက်ပိုင်း မြန်မာ အာဏာပိုင်တွေထံ လက်နက်ချသွားတဲ့ စိုင်းအောင်မြတ်ကိုလွှဲပေးဖို့ တရုတ်ကိုယ်စားလှယ်အဖွဲ့က တောင်းဆို ခဲ့ပေမဲ့ မြန်မာဘက်က ငြင်းပယ်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့လည်း တရုတ် မူးယစ်ဆေးဝါး ထိန်းချုပ်ရေး ဗျူရို ညွှန်ကြားရေးမှူး Liu Yuejin ဦးဆောင်တဲ့ အဖွဲ့ကို ကျိုင်းတုံအကျဉ်းထောင်မှာ ထိန်းသိမ်းထားတဲ့ စိုင်းအောင်မြတ်ကို စစ်ဆေးခွင့်တော့ပေးခဲ့ တယ်လို့ ရှမ်းသံတော်ဆင့် သတင်းစဉ်အယ်ဒီတာ ဦးခွန်စိုင်းက ပြောပါတယ်။

“တရုတ်အာဏာပိုင်တွေက စစ်ဆေးပြီးတော့ ဒီနေ့ ကျိုင်းတုံကနေ သူတို့ယာဉ်နဲ့ ခရီးဆက်ပြီးတော့ မှ ပြန်သွား တယ်လို့ ပြောပါတယ်။ ဒီ တရုတ်အာဏာပိုင်တွေက နေပြည်တော်အာဏာပိုင်တွေနဲ့ သူတို့ ဆွေးနွေးတဲ့အခါကျ တော့ နေပြည်တော်ဘက်ကနေပြီးတော့ ဒီစိုင်းအောင်မြတ်ကို မပေးနိုင် ဘူး။ သူက အဖမ်းခံရတာ မဟုတ်ဘူး။ သူက လက်နက်လာချတဲ့သူ ဖြစ်တယ်။ ဒါကြောင့်မို့ မအပ်နိုင် ဘူးလို့ ပြောပါတယ်။ ဇူလိုင်လ (၂၇) ရက် သောကြာနေ့မှာ ကျိုင်းတုံမြို့ကို သူတို့ခရီးထွက်လာတယ်။ (၂၈) ရက်နဲ့ (၂၉) ရက်မှာ ဒီစိုင်းအောင်မြတ်ကို သူတို့ စစ်ဆေးမေးမြန်းတယ်လို့တော့ ကြားရတယ်။ တရက်ကို (၁၂) နာရီလောက် သူမေးတယ်လို့ ပြောတယ်။ နေ့လည် (၂) နာရီကနေ ညသန်းခေါင်ကျော် ည (၂) နာရီအထိ တနေ့ကို (၁၂) နာရီအထိ သူ့ကို စစ်ဆေး တာပေါ့နော်။”

အထူးစုံစမ်း စစ်ဆေးရေး အဖွဲ့တခုကို ဦးဆောင်လာတဲ့ တရုတ်မူးယစ်ဆေးဝါး ထိန်းချုပ်ရေးဗျူရို အကြီးအကဲနဲ့ အဖွဲ့ဟာ မြန်မာအစိုးရ တာဝန်ရှိသူတွေနဲ့လည်း တွေ့ဆုံပြီး အပြန်အလှန် သတင်း အချက်အလက်တွေ ဖလှယ် ခဲ့တဲ့အကြောင်း တရုတ်အစိုးရက ကြေညာချက် ထုတ်ပြန်ခဲ့ ပါတယ်။ ရွှေတြိဂံဒေသ မှာ မူးယစ်ရာဇာ တစ်ဦးလို့ လူသိများတဲ့ စိုင်းနော်ခမ်းရဲ့ လက်ထောက်ခေါင်းဆောင် တစ်ဦးဖြစ်ပြီးတော့ စိုင်းနော်ခမ်းကို ဧပြီလနှောင်းပိုင်း လာအိုအာဏာပိုင်တွေရဲ့ ဖမ်းဆီးခြင်းကိုခံရအပြီး မေလ (၁၅) ရက်နေ့မှာ အဖွဲ့ဝင် (၁၅) ယောက်နဲ့ တာချီ လိတ်မြို့ မြန်မာစစ်တပ်ထံမှာ လက်နက်ချခဲ့တာ ဖြစ်ပါတယ်။ စိုင်းအောင်မြတ်ကို တရုတ်အစိုးရကနေ အလိုရှိနေ တဲ့အကြောင်းအရင်းကိုတော့ ကျိုင်းတုံမြို့နယ် လုံခြုံရေး အာဏာပိုင်တွေနဲ့ နီးစပ်သူ ဒေသခံတဦးကလည်း အခု လို ပြောပြပါတယ်။

“အောက်တိုဘာလ (၅) ရက်နေ့တုန်းက မဲခေါင်မြစ်ထဲမှာ တရုတ် (၁၃) ဦး အသတ်ခံရတယ်။ အဲဒီ တရုတ် (၁၃) ဦး အသတ်ခံရတာက သူကိုယ်တိုင် ကွင်းဆင်းပြီးတော့မှ စီစဉ်တဲ့သူလို့ ထိုင်း ဘက်က ပြောတယ်လေ။ အဲဒီ စိုင်းအောင်မြတ်က သူကိုယ်တိုင် သေနတ်သမားတွေကို ဦးဆောင်ပြီးတော့မှ အဲဒီတရုတ်ကို သတ်ဖြတ်ခဲ့တာပေါ့။ အဲဒါကြောင့်တရုတ်(၁၃) ဦး သေဆုံးတဲ့ အမှုက သူနဲ့ တိုက်ရိုက် ပက်သက်တယ်။ သူက အားလုံးသိနိုင်တယ် ဆိုပြီးတော့မှ တရုတ်က သူ့ကို အလိုရှိနေတာ။”

စိုင်းအောင်မြတ်ဟာ မြန်မာစစ်တပ်မှာလက်နက်ချခဲ့ပေမဲ့လည်း လက်ရှိမှာတော့ ကျိုင်းတုံ အကျဉ်းထောင်မှာ အကျဉ်းချခံနေရသလို စစ်ဆေးမေးမြန်းတဲ့နေရာမှာ ညှင်းပမ်း နှိပ်စက်ခံနေရ တယ်လို့လည်း အဲဒီဒေသခံကပဲ ဆက် ပြောပါတယ်။

“ဒီစိုင်းအောင်မြတ်ကလည်း မြန်မာအစိုးရနဲ့ ဒီထောက်လှမ်းရေးတွေ၊ စစ်ဆေးတဲ့သူတွေက ရိုက်နှက်ပြီးတော့မှ စစ်ဆေးနေလို့ သူက ဝန်ခံလိုက်ပြီလို့ ပြောတယ်။ ဒါပေမဲ့ သူ့ရဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းက အဲဒီလိုမျိုး မတရား အရမ်းရိုက်နှက် စစ်ဆေးလို့ သူက မခံမရပ်နိုင်ဖြစ်လို့ ဝန်ခံလိုက်ရတာတဲ့။ အမှန်တော့ သူက မသိဘူးလို့ အဲဒီလို မျိုး ပြောတယ်။”

တရုတ်လုံခြုံရေး အရာရှိယိုယွဲ့ကျင်း ဦးဆောင်တဲ့အဖွဲ့ဟာ ထိုင်းနိုင်ငံ၊ ရဲချုပ် ဖြိုးဖန်းဒါမားဖုန်းထံ လာရောက်လည် ပတ်ခဲ့စဉ်က ထိုင်းလူမျိုး (၁၃) ဦးကို သတ်ဖြတ်မှုမှာ ပါဝင်ခဲ့သူလို့ယူဆရတဲ့ စိုင်းအောင်မြတ်ကို မြန်မာ အစိုးရထံမှာ သွားရောက်လွှဲယူမယ်လို့ ပြောဆိုခဲ့ကြောင်း ဇွန်လ (၂၃) ရက်နေ့စွဲနဲ့ ထိုင်းနိုင်ငံထုတ် မတိချွန်း သတင်းစာမှာ ရေးသားဖော်ပြထားပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ဧပြီလထဲက လောနိုင်ငံမှာအဖမ်းဆီးခံခဲ့ရပြီး တရုတ်အစိုးရထံမှာ လွှဲအပ်ခြင်းခံရတဲ့ ခေါင်းဆောင် ဖြစ်သူ စိုင်းနော်ခမ်းကလည်း ဒီသတ်ဖြတ်မှုမှာ သူ့လက်ချက်ဖြစ်ကြောင်း ဝန်ခံထားတယ်လို့ ထိုင်းသတင်းစာတွေ ကနေ ရေးသားထားပါတယ်။

စိုင်းနော်ခမ်း ဦးဆောင်တဲ့ လက်နက်ကိုင်အဖွဲ့ဟာ ဦးခွန်ဆာဦးဆောင်တဲ့ မုန်တိုင်းအာမီတပ်ဖွဲ့မှာ ပါဝင်ခဲ့ပြီး (၁၉၉၆) ခုနှစ်မှာ မြန်မာအစိုးရထံ လက်နက်ချခဲ့ပြီးတော့ တာချီလိတ်မြို့နယ် ပြည်သူ့စစ် အဖြစ် ရပ်တည်ခဲ့ပါ တယ်။ ထိုင်းနိုင်ငံအတွင်းမှာ မူးယစ်ဆေးတင်သွင်တဲ့ အမှုတွေနဲ့ ပက်သက်ပြီး စိုင်းနော်ခမ်းတို့အဖွဲ့ရဲ့ လက်ချက် လို့လည်း ထိုင်းအစိုးရကနေ စွပ်စွဲထားပါတယ်။
XS
SM
MD
LG