တရုတ်နိုင်ငံ ဘေဂျင်းမြို့က မူလတန်းကျောင်းတကျောင်းမှာ အဆောက်အဦပြုပြင်ထိန်းသိမ်းရေး ဝန်ထမ်းတယောက်က တူတလက်နဲ့ လျှောက်ပြီးထုနှက်ခဲ့လို့ ကျောင်းသား ၂၀ ဒဏ်ရာရသွားပါတယ်။
အသက် ၄၉ နှစ်အရွယ် Jai ဆိုသူအမျိုးသားက အဲဒီမူလတန်းကျောင်း အဆောက်အဦပြုပြင်ထိန်းသိမ်းရေးအတွက် သူ့ကိုငှားရမ်းထားတဲ့ သက်တမ်းကုန်ဆုံးခါနီးမှာ အလုပ်ထပ်တိုးမပေးတော့တဲ့အတွက် ဒေါသထွက်ပြီး ကျောင်းသားတွေကို ရန်လုပ်ခဲ့တာလို့ ဘေဂျင်းမြို့တော် Xicheng နယ်မြေတာဝန်ခံတွေကထုတ်ပြန်ပါတယ်။
ဒဏ်ရာရတဲ့ကျောင်းသားတွေကို ဆေးရုံတင်ကုသပေးနေပြီး၊ ၃ ယောက်က ဒဏ်ရာပြင်းထန်ပေမဲ့ အသက်အန္တရာယ် မစိုးရိမ်ရပါဘူးလို့ တာဝန်ရှိသူတွေကပြောပါတယ်။
ဒီနှစ်ပိုင်းတွေအတွင်း တရုတ်နိုင်ငံတဝန်းကျောင်းတွေမှာ အခုလိုတိုက်ခိုက်တာတွေဖြစ်ပွားနေပြီး၊ တရုတ်ပြည်မြောက်ပိုင်းမှာ မနှစ်ကဧပြီလတုန်းက ဓါးနဲ့ အခုတ်ခံရလို အလယ်တန်းကျောင်းသား ၉ ယောက်သေဆုံးခဲ့ရပါတယ်။ ဓါးနဲ့ လိုက်ခုတ်သူက သူအဲဒီကျောင်းတက်ခဲ့တုန်းက သူအနိုင်ကျင့်ခံခဲ့ရလို့ လက်စားချေတာလို့ ဆင်ခြေပေးခဲ့ပါတယ်။
၂၀၁၇ ခုနှစ် ဇန်နဝါရီလတုန်းက တရုတ်ပြည်တောင်ပိုင်းကကျောင်းတကျောင်းမှာ လူတယောက်က ဓါးနဲ့ ထိုးလို့ ကျောင်းသား ၁၂ ထက်မနည်း ဒဏ်ရာရခဲ့ကြပါသေးတယ်။