သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှန်ဟိုင်းမြို့မှာ ၁၃ ပေါင်ခွဲအလေးချိန်ရှိ ကလေးမွေးဖွား


မခင်ဖြူထွေး။ ။ ဒါနဲ့ ကိုဉာဏ်ဝင်းအောင်ရေ…. တရုတ်ပြည် ရှန်ဟိုင်းမှာ ၆ ကီလိုကျော်ကျော်- ပေါင်နဲ့ဆို ၁၃ ပေါင်ခွဲ ရှိတဲ့ ကလေး တစ်ယောက် သိပ်မကြာခင်ကပဲ မွေးသွားတဲ့သတင်း ကြားမိသေးလား။

ဉာဏ်ဝင်းအောင်။ ။ ခင်ဗျာ !!… ၁၃ ပေါင်ခွဲ ရှိတဲ့ကလေး မွေးတယ် ဟုတ်လား…. တော်တော်ထွားလိုက်မယ့် ကလေးကြီး။

မခင်ဖြူထွေး။ ။ ဟုတ်တယ်။ ကိုဉာဏ်ဝင်းအောင်ရဲ့။ ပုံမှန်အားဖြင့်ဆိုရင် တရုတ်ပြည်မှာ ကလေးတွေ မွေးတဲ့အခါ ၆ ပေါင်ခွဲလောက်ကနေ ၇ ပေါင်၊ ၈ ပေါင် လောက်ပဲ ရှိတာများတယ်တဲ့။ ဒီကလေးကတော့ ပုံမှန်အရွယ်အစားထက် ၂ ဆလောက် ထွားတယ်လို့ ဆိုရမှာပေါ့။ ဒီကလေးကို မွေးပေးတဲ့ ဆရာဝန် ပြောတာကတော့ ကလေးအမေက ကိုယ်ဝန်ကြီးနဲ့တုန်းက အစားတွေကို လိုအပ်တာထက် အများကြီး ပို စားခဲ့သလို၊ ခဏခဏလည်း အိပ်နေတတ်တယ်တဲ့။ အဲဒါကြောင့် ကလေးက အလွန်အကျွံ ကြီးသွားတာတဲ့လေ။

ဉာဏ်ဝင်းအောင်။ ။ အဲဒီတော့ အခု ကလေးနဲ့ မိခင် ကျန်းမာရေးကရော ဘယ်လိုရှိလဲ။

မခင်ဖြူထွေး။ ။ လောလောဆယ်တော့ မိခင်ရော၊ ကလေးပါ ကျန်းကျန်းမာမာ ရှိနေပါတယ်တဲ့။ ဒါပေမဲ့ ဆရာဝန်တွေကတော့ ခုလို ပေါင်ချိန် အများကြီး ပိုပြီး မွေးလာတဲ့ ကလေးမျိုးဟာ နောက်ကျရင် အဝလွန်ရောဂါ နဲ့ ဆီးချို ရောဂါတွေ အဖြစ်များတတ်တယ်လို့ သတိပေးနေကြတယ်လေ။ ကလေးတင်မဟုတ်ပါဘူး။ မိခင်မှာလည်း အလားတူ ရောဂါတွေ ဖြစ်တတ်တယ်တဲ့လေ။ ဒါကြောင့်မို့ ကိုယ်ဝန်ဆောင်ချိန်မှာ သာမန်လူတွေ ထက် အာဟာရ ပိုပြီး လိုအပ်တယ်ဆိုတာ မှန်ပေမဲ့ လိုတာထက် ပိုပြီး အလွန်အကျွံ စားရင်တော့ ဘယ်အရာမှ မကောင်းဘူးလို့ ကျွမ်းကျင်သူတွေက သတိပေးနေကြတာလေ။

ဉာဏ်ဝင်းအောင်။ ။ ဒါပေါ့ဗျာ။ ဒါကြောင့်လည်း ရှေးမြန်မာလူကြီးတွေက တန်ဆေး လွန်ဘေးလို့ ပြောကြတာပေါ့ဗျာ။
XS
SM
MD
LG