သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငှက်တုပ်ကွေးကြောင့် တရုတ်နိုင်ငံ ဒေါ်လာ သန်း ၆ ထောင် နစ်နာ


တရုတ်နိုင်ငံရဲ့ မွေးမြူရေးကဏ္ဍဟာ နိုင်ငံတွင်းဖြစ်ပွားတဲ့ H7 N9 ငှက်တုပ်ကွေးရောဂါကြောင့် ဒေါ်လာငွေ သန်းပေါင်း ၆ ထောင့် ၅ ရာလောက် ဆုံးပါးခဲ့ရတယ်လို့ သိပ္ပံပညာရှင်တွေနဲ့ စီးပွါးရေးပညာရှင်တွေက ပြောပါတယ်။ ဒါဟာ စားသုံးသူတွေက ကြက်သားကို ရှောင်ရှားလာကြတာကြောင့် ဖြစ်ပါတယ်။

ငှက်တုပ်ကွေးရောဂါဟာ မတ်လထဲမှာ စတင်ဖြစ်ပွားလာခဲ့ပြီး အခုထိ လူပေါင်း ၁၃၀ လောက်ကို ကူးစက်ခဲ့တာပါ။ ဒီအထဲက ၃၆ ယောက် သေဆုံးခဲ့ရတယ်လို့ တရုတ်အာဏာပိုင်တွေက ကြေညာပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာတော့ ငှက်တုပ်ကွေးရောဂါ အများဆုံး ကူးစက်ပျံ့နှံ့ခဲ့တဲ့ တရုတ်နိုင်ငံ အရှေ့ပိုင်းဒေသက ခရိုင်တွေနဲ့ ရှန်ဟိုင်း အပါအဝင် မြို့ကြီး အတော်များများအတွက် ရောဂါပိုး မပျံ့နှံ့စေဖို့ ထုတ်ပြန်ထားတဲ့ အရေးပေါ် အခြေအနေကို တရုတ်အာဏာပိုင်တွေက ရုပ်သိမ်းပေးခဲ့ပါတယ်။

H7 N9 ငှက်တုပ်ကွေး ဗိုင်းရပ်စ် ရောဂါကို ထိန်းချုပ်ဖို့ တရုတ်အစိုးရရဲ့ လုပ်ဆောင်ချက်တွေအတွက် WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ အကြီးအကဲ မာဂရက် ချမ်း (Margaret Chan) က ချီးကျူးလိုက်ပါတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်တုန်းက SARS ရောဂါ အကြီးအကျယ် ဖြစ်ပွားခဲ့တဲ့နောက်ပိုင်း၊ တရုတ်အစိုးရက လူထုကျန်းမာရေးဆိုင်ရာ မြှင့်တင်မှုတွေကို ရင်းနှီးခဲ့တာမို့ ဒီလုပ်ဆောင်မှုရဲ့ ရလဒ်ကို အခု ခံစားလာရတာလို့ ဆိုပါတယ်။

SARS ရောဂါဖြစ်ပွားခဲ့တဲ့ ၂၀၀၃ ခုနှစ်တုန်းက လူပေါင်း ၈၀၀ လောက် သေဆုံးခဲ့ရတာမို့ တရုတ်အစိုးရက ချက်ချင်း အရေးတယူ မဆောင်ရွက်နိုင်ခဲ့တာကို ဝေဖန်ပြစ်တင်ခဲ့ကြတာပါ။

အခုအချိန်မှာ ဒီငှက်တုပ်ကွေးရောဂါကို ထိန်းချုပ်ထားနိုင်ပေမဲ့ လုံးဝ ပပျောက်သွားဖို့တော့ မဖြစ်နိုင်သေးဘူးလို့ ကုလသမဂ္ဂ ကျန်းမာရေး တာဝန်ခံတွေက ပြောပါတယ်။ ဒီဗိုင်းရပ်စ်ပိုးဟာ ကြက်ငှက်တွေကနေ လူကို ကူးစက်တဲ့ အထောက်အထားတွေ တွေ့ခဲ့ရပေမဲ့ လူသားအချင်းချင်းကြား ကူးစက်တာကိုတော့ မတွေ့ရဘူးလို့လည်း ပြောပါတယ်။
XS
SM
MD
LG