တရုတ်နိုင်ငံ အရှေ့ဘက် ကမ်းလွန်ဒေသမှာ ကုန်တင်သင်္ဘောတစီး အင်္ဂါနေ့မနက်က နစ်မြုပ်ခဲ့ပြီး အနည်းဆုံး လူတဦး သေဆုံးပြီး ၉ ဦး ပျောက်ဆုံးနေတယ်လို့ တရုတ် အစိုးရပိုင် ဆင်ဟွာသတင်းမှာ ဖော်ပြထားပါတယ်။
အဲ့ဒီသင်္ဘောမှာ မြန်မာသင်္ဘောဝန်ထမ်း၁၄ဦးနဲ့ထိုင်ဝမ်တဦးတို့လိုက်ပါခဲ့ကြတာပါ။ မြန်မာတဦးသေဆုံးကြောင်း ရေကြောင်းပို့ဆောင်ရေး ဦးစီးဌာနကသတင်းထုတ်ပြန်ပါတယ်။ လောလောဆယ် မြန်မာလေးဦးကို ကယ်ဆယ်နိုင်ခဲ့ပြီး တခြားပျောက်ဆုံးနေသူ တွေကို ရှာဖွေနေတယ်လို့ မြန်မာပင်လယ်ကူးသင်္ဘေားသားများသမဂ္ဂက မနေ့က သတင်းထုတ်ပြန်ပါတယ်။
ကယ်တင် နိုင်ခဲ့တဲ့မြန်မာလေး ဦးက ကိုအောင်အောင်ဦး၊ ကိုမင်းဇော်အောင်၊ ကိုမြတ်ထွဋ်ဝင်းနဲ့ ကိုကျော်မင်းဝေ တို့ဖြစ်ပါတယ်။ မြန်မာသင်္ဘောဝန်ထမ်း တွေလိုက်ပါခဲ့တဲ့ သင်္ဘောလိုင်းတွေက Ocean World က ၆ဦး၊ Sun Maritime က ၃ဦး၊ Ever Fortune က ၂ဦးတို့ဖြစ် ပါတယ်။
တရုတ်နိုင်ငံ Zhejiang ခရိုင်၊ Taizhou မြို့နဲ့ ရေမိုင် ၉၀ နဲ့ ညီမျှတဲ့ ၁၆၇ ကီလိုမီတာ အကွာအဝေးမှာ လူ ၁၅ ဦးပါတဲ့ MV London အမည်ရှိ အဲဒီကုန်တင် သင်္ဘောကြီးဟာ ဒေသစံတော်ချိန် အင်္ဂါနေ့မနက် ၄ နာရီခွဲလောက်မှာ နစ်မြုပ်သွား တယ်လို့ တရုတ် ရေကြောင်းဆိုင်ရာ အရာရှိတွေကို ကိုးကားပြီး ဆင်ဟွာသတင်းမှာ ဖော် ပြထားပါတယ်။ အလျား ၈၀ မီတာ ရှည်လျားတဲ့ အဲဒီ ကုန်တင်သင်္ဘောဟာ ထိုင်ဝမ်ကျွန်း Kaohsiung ဆိပ်ကမ်း ကနေ ထွက်ခွာလာ တာလို့ ဆိုပါတယ်။
အခုချိန်ထိတော့ လူ ၅ ဦးကို ကယ်တင်နိုင်ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။ Palau ကျွန်းမှာ မှတ်ပုံတင် ထားတဲ့ အဲဒီသင်္ဘော နစ်မြုပ်သွားတဲ့အတွက် ကယ်ဆယ်ရေး လုပ်ငန်းတွေမှာ ကူညီ ဆောင်ရွက်ဖို့ ကမ်းခြေ စောင့်တပ်ဖွဲ့ က သင်္ဘောနဲ့ လေယာဉ်တွေကို အခင်း ဖြစ်တဲ့နေရာကို စေလွှတ်ထားကြောင်း ထိုင်ဝမ်အမျိုးသား ကယ်ဆယ်ရေး ဌာန က ကြေညာချက် ထုတ်ပြန်ပါတယ်။သင်္ဘော ဘာကြောင့် နစ်မြုပ်သွားတယ်ဆိုတာကို သိရှိနိုင်ဖို့ စုံစမ်း စစ်ဆေးမှုတွေ စတင်ဆောင်ရွက်နေပြီ ဖြစ်ကြောင်းလည်း ဆင်ဟွာ သတင်းမှာ ဖော်ပြထားပါတယ်။