သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်အလယ်ပိုင်း ခရီးသည်တင်သင်္ဘော တိမ်းမှောက်


တရုတ်နိုင်ငံအလယ်ပိုင်းမှာ မုန်တိုင်းကြောင့် Yangtze မြစ်ထဲ တိမ်းမှောက်သွားတဲ့ ခရီးသည် ၄၅၀ နဲ့ သင်္ဘောပေါ်ကနေ အသက်ရှင်သူ တွေ့ရဦးမလားဆိုပြီး ကယ်ဆယ်ရေးလုပ်သားတွေ အင်္ဂါနေ့မှာ ဆက်ပြီး ရှာဖွေနေပါတယ်။ အခုထိဆိုရင် လူ ၁၅ ဦးပဲ ကယ်ဆယ်ရမိပြီး အလောင်း ၅ လောင်းကိုပဲ ဆယ်ယူရသေးတယ်လို့ Xinhua သတင်းမှာ ဖော်ပြပါတယ်။

မိုးသက်လေပြင်းကျနေလို့ ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ အခက်အခဲ ရှိပါတယ်။ သင်္ဘောမှောက်တဲ့နေရာနဲ့ မိုင် ၃၀ အကွာ မြစ်အောက်ပိုင်းမှာ အလာင်း ၃ လောင်း ဆယ်ယူရရှိတယ်လို့ ပြည်သူ့နေ့စဉ်သတင်းစာမှာ ဖော်ပြပါတယ်။

ခရီးသည်တော်တော်များများက သင်္ဘောထဲမှာ ပိတ်မိနေပုံ ရှိပါတယ်။ မှောက်သွားတဲ့ သင်္ဘောတွင်းကနေ အော်ဟစ် အကူအညီတောင်းသံတွေကို ကြားနေရတယ်ဆိုပြီး ကူညီကယ်ဆယ်ရေးသမားတွေက ပြောတယ်လို့ အစိုးရသတင်းမှာ ဖော်ပြပါတယ်။

ကူညီကယ်ဆယ်ရေးအတွက် တပ်ဖွဲ့ဝင် ၁ ထောင်ကျော်နဲ့ သင်္ဘော ၄၈ စင်းထိ ပါဝင် ဆောင်ရွက်နေကြတယ်လို့ သတင်းမှာ ဖော်ပြထားတာပါ။ ဘာကြောင့် သင်္ဘောတိမ်းမှောက်ရမလဲဆိုတာ ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။

Dongfangzhixing အရှေ့ကြယ်လို့ခေါ်တဲ့ သင်္ဘောဟာ နန်ကျင်းမြို့ကနေ နိုင်ငံ အနောက်တောင်ပိုင်းက Chongqing မြို့ကို ဦးတည်ခုတ်မောင်းနေတုန်း လေဆင်နှာမောင်းမိပြီး ချက်ခြင်းပဲ တိမ်းမှောက်သွားတာ ဖြစ်ပါတယ်။

ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဝန်ကြီးချုပ် Li Keqiang ကိုယ်တိုင် ကြီးကြပ်ပေးပြီး အခင်းဖြစ်တဲ့နေရာကို ဒီကနေ့ပဲ လိုက်လာခဲ့ပါတယ်။ နိုင်ငံတော်ကောင်စီရဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့အတူ လုပ်ဆောင်တာ ဖြစ်ပါတယ်။ အသက် ၅၀ နဲ့ ၈၀ အကြား လူကြီးတွေ အများစုပါဝင်တဲ့ ခရီးသည်အားလုံကို ကယ်တင်နိုင်ဖို့ အစွမ်းကုန်လုပ်ဆောင်ပါလို့ တရုတ်သမ္မတ ရှီကျင့်ပင်က ပြောထားပါတယ်။

XS
SM
MD
LG