သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိမ်းမှောက်တရုတ်သင်္ဘောက ပျောက်ဆုံးလူများရှာဖွေနေဆဲ


တရုတ်နိုင်ငံ ယန်ဇီမြစ်ထဲ မုန်တိုင်းကျနေချိန်မှာ တိမ်းမှောက်သွားတဲ့ ခရီးသည်တင်သင်္ဘောပေါ်က ပျောက်ဆုံးနေ သူ ၄၃၀ ကျော်ကို ကယ်ဆယ်ရေးလုပ်သားတွေ ဒီကနေ့လည်း ဆက်လက်ရှာဖွေ နေကြပါတယ်။

အသက်ကြီးတဲ့ ခရီးသွားတွေ အများစု လိုက်ပါသွားခဲ့ပြီး မနေ့နှောင်းပိုင်းက တိမ်းမှောက်သွားတဲ့ သင်္ဘောကနေ ရှာဖွေကယ်ဆယ်နိုင်သူ ၁၄ ယောက်ပဲ ရှိသေးတယ်လို့လည်း အစိုးရပိုင် သတင်းက ဖော်ပြခဲ့ပြီး၊ သေဆုံးသူ ၁၈ ယောက် ရှိပြီလို့လည်း အတည်ပြုထားတာပါ။

ရေထဲမှာ ပြောင်းပြန်မှောက်နေတဲ့ သင်္ဘောထဲက လေခိုနေတဲ့ နေရာတွေမှာ အသက်ရှင်လျက် ပိတ်မိနေနိုင်သေးတဲ့ ခရီးသည်တွေကို ရှာဖွေနိုင်ဖို့ အရေးပေါ် ကယ်ဆယ်ရေးလုပ်သားတွေ သင်္ဘောဝမ်းဗိုက် သံကိုယ်ထည်ကို ဖောက်နိုင်အောင်လည်း ကြိုးစားနေကြပါတယ်။

လေပြင်းတိုက်ခတ်ပြီး၊ မိုးကြီးနေတဲ့အတွက် ကယ်ဆယ်ရေး လုပ်ငန်းတွေမှာ အခက်အခဲတွေ ကြုံနေကြရပြီး၊ မြစ်ရေစီးကြောင့် သင်္ဘောဟာလည်း မြစ်အောက်ပိုင်းကို ၃ ကီလိုမီတာလောက်အထိ ရွေ့သွားခဲ့တာပါ။

ပျောက်ဆုံးနေသူတွေကိုတော့ ရေငုပ်သမား ၁၃၅ ယောက်က တညလုံး ရှာခဲ့ကြတယ်လို့လည်း ဆင်ဟွာသတင်းဌာနက ဖော်ပြထားပြီး၊ ကယ်ဆယ်ရေး လုပ်ငန်းကိုတော့ ရေယာဉ် ၄၈ စင်း၊ စစ်သား ၃၀၀၀ ကျော်နဲ့ ဆောင်ရွက်နေပါတယ်။

သင်္ဘောဟာ တနင်္လာနေ့ နှောင်းပိုင်းတုန်းက ရုတ်တရက် ပြင်းထန်တဲ့ မုန်တိုင်းနဲ့ ကြုံခဲ့ရာက မိနစ်ပိုင်းအတွင်းမှာပဲ တိမ်းမှောက်ခဲ့တာပါ။ အသက်မသေ လွတ်မြောက်လာတဲ့ သင်္ဘောကပ္ပတိန်နဲ့ အင်ဂျင်နီယာချုပ်တို့ကတော့ လေဆင်နှာမောင်းဒဏ်ခံခဲ့ရတာလို့ ပြောဆိုထားပြီး၊ အဖြစ်အပျက်နဲ့ ပတ်သက်လို့ သူတို့ ၂ ဦး စလုံးကိုတော့ ရဲတပ်ဖွဲ့က စစ်ဆေးမေးမြန်းနေပါတယ်။

XS
SM
MD
LG