သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်သမ္မတ Boeing လေယာဉ် အစင်း ၃၀၀ ဝယ်ယူ


တရုတ်ကုမ္ပဏီတွေဟာ Boeing ဂျက်လေယာဉ် အစင်း ၃၀၀ ဝယ်ယူဖို့ သဘောတူညီခဲ့တယ်လို့ Boeing ကုမ္ပဏီက ကြေညာခဲ့ပါတယ်။ 737 လေယာဉ်အစင်း ၂၅၀ နဲ့ ကိုယ်ထည်ကျယ် ဂျက်လေယာဉ် အစင်း ၅၀ တို့ပါဝင်ပြီး လေယာဉ်တွေဟာ စုစုပေါင်း ဒေါ်လာ ၃၈ ဘီလီယံခန့် တန်ဖိုး ရှိတယ်လို့ ဆိုပါတယ်။

တရုတ်သမ္မတ Xi Jinping ဟာ ဝါရှင်တန်ပြည်နယ် Seattle မြို့ မြောက်ဘက်မှာရှိတဲ့ Everett စက်ရုံရဲ့ Boeing ဝန်ထမ်း ၆၀၀ ကို မိန့်ခွန်းပြောကြားစဉ်အတွင်းမှာ အခုလို စံချိန်တင် လေယာဉ်တွေ မှာယူမယ့် အစီအစဉ်ကို ကြေညာလိုက်တာ ဖြစ်ပါတယ်။

ဒီသတင်းကို တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းမှာ ပထမဆုံးဖော်ပြခဲ့ပြီး၊ ဒီသတင်းထဲမှာပဲ အမေရိကန် လေယာဉ်ထုတ်လုပ်ရေး လုပ်ငန်းကြီးကို တရုတ်နိုင်ငံမှာ စက်ရုံတည်ဆောက်ဖို့လည်း တိုက်တွန်းထားပါတယ်။

ဗုဒ္ဓဟူးနေ့အစောပိုင်းက Xi ဟာ အမေရိကန်နိုင်ငံနဲ့ တရုတ်နိုင်ငံက စီးပွားရေးလုပ်ငန်းတွေက ထိပ်တန်း အမှုဆောင်အရာရှိချုပ် ၃၀ ပါဝင်တဲ့ လုပ်ငန်းရှင် အုပ်စုနဲ့ တွေ့ဆုံနေခဲ့တာပါ။

ဒီအထဲမှာ Boeing, Microsoft, Starbucks, Amazon, Apple, IBM နဲ့ General Motor ကုမ္ပဏီတွေရဲ့ အမှုဆောင်အရာရှိချုပ်တွေ ပါဝင်ခဲ့ပါတယ်။ တရုတ်နိုင်ငံရဲ့ စီးပွားရေးဟာ ကြီးကြီးမားမား ထပ်ပြီး တိုးတက်ဖို့ အလားအလာကောင်းတွေ ရှိနေတဲ့အပြင်၊ ပို လွတ်လပ်ပြီး ပွင့်လင်းမြင်သာမှု ရှိဖို့လည်း ကြိုးစားနေတယ်လို့ Xi က ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လအထိ အမေရိကန် လုပ်ငန်း ၆၅၀၀၀ ဟာ တရုတ်နိုင်ငံမှာ အမေရိကန်ဒေါ်လာ ၇၆ ဘီလီယံထိ ရင်းနှီးမြှုပ်နှံထားတာကို ထောက်ပြပြီး၊ Xi က တရုတ်နဲ့ အမေရိကန် ဆက်ဆံရေး အခြေအနေကို အကောင်းမြင် ပြောကြားခဲ့ပါတယ်။ အလားတူပဲ အမေရိကန်နိုင်ငံမှာ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုဟာလည်း မြင့်တက်နေပြီး၊ တရုတ်ကုမ္ပဏီ ၁၆၀၀ ဟာ အမေရိကန်ပြည်နယ် ၄၄ ခုမှာ ရင်းနှီးမြှုပ်နှံထားပြီး အချိန်ပြည့် အလုပ်အကိုင်ပေါင်း ၈၀၀၀၀ ကျော် ဖန်တီးပေးထားတယ်လို့ သူက ပြောပါတယ်။

XS
SM
MD
LG