သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနယ်စပ် တရုတ်စစ်ရေးလေ့ကျင့်မှုစတင်


တရုတ်မြန်မာနယ်စပ်အနီး ယူနန်ပြည်နယ်ဒေသတွင်းမှာ တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်ရဲ့ ဝေဟင်နဲ့ မြေပြင် ပူးတွဲစစ်ရေး လေ့ကျင့်မှုတွေ ဒီကနေ့ စတင်လိုက်ပြီဖြစ်ပါတယ်။

မြန်မာတပ်နဲ့ကိုးကန့်တပ်ကြား နှစ်ဘက်ရင်ဆိုင်တိုက်ပွဲတွေပြင်းထန်နေတဲ့ စစ်ရေးပဋိပက္ခတွေကြောင့် တရုတ်နယ်မြေထဲအထိ လက်နက်ကြီးကျခဲ့လို့ တရုတ်နိုင်ငံသားအချို့သေဆုံးခဲ့ရသလို နယ်စပ်လုံခြုံရေး ထိခိုက်ခဲ့ရတဲ့အတွက် တရုတ်အစိုးရဘက်က မြန်မာအစိုးရဘက်ကို ပြင်းပြင်းထန်ထန် သတိပေးမှုတွေ လုပ်ပြီးတဲ့နောက် အခုလို စစ်ရေးလေ့ကျင့်မှုကို တရုတ်ဘက်က လုပ်ဆောင်လိုက်တာဖြစ်ပါတယ်။ အပြည့်အစုံကို မဆုမွန်က စုစည်းတင်ပြထားပါတယ်။

မြန်မာနိုင်ငံနဲ့နယ်စပ် တရုတ်နိုင်ငံ ယူနန်ပြည်နယ် အနောက်တောင်ပိုင်းမှာ တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် PLA ကနေ ဝေဟင်-မြေပြင် ပူးတွဲ စစ်ရေးလေ့ကျင့်မှုတွေနဲ့ ပတ်သက်လို့ တရုတ်အစိုးရဘက်က မြန်မာအစိုးရဘက်ကို နှစ်နိုင်ငံ ဆက်ဆံရေး သံတမန် လုပ်ထုံးလုပ်နည်းနဲ့အညီ ကြိုတင် အကြောင်းကြားထားတယ်လို့ သိရပါတယ်။ နှစ်နိုင်ငံ စစ်ရေးလေ့ကျင့်မှုတွေလုပ်တိုင်း တည်နေရာ၊ နေ့ရက်အတိအကျ နှစ်ဘက် ကြိုတင် အကြောင်းကြားမှုတွေ လုပ်ပါတယ်လို့ နိုင်ငံတော်သမ္မတရုံး ပြောခွင့်ရ ဦးဇော်ဋ္ဌေးက ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။

“၂၀၁၅ မတ်လမှာ တခါလုပ်တယ်။ အဲဒီလိုပဲ live firing လုပ်တယ်။ အဲဒါလည်း ကျနော်တို့ဘက်ကို ကြိုပြောတယ်။ အခုတခါ လုပ်တဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း ကြိုတင်ပြီးတော့ အသိပေးတယ်လို့ သိရတယ်ပေါ့နော်။ အဲဒီလိုမျိုး ကျနော်တို့ဘက်ကလုပ်တဲ့ Live Firing Exercise သဘောမျိုး လုပ်တာတွေ ရှိတယ်။ အထူးသဖြင့် လေကြောင်းက လုပ်တဲ့ဟာတွေ။ အဲဒါနဲ့ပတ်သက်လို့လည်း ကျနော်တို့က တရုတ်ဘက်ကို ကြိုတင်ပြီးတော့ အသိပေး အကြောင်းကြားတာရှိတယ်။ အကြောင်းကြားတဲ့အခါမှာ ကျနော်တို့က လဒ်တီကျု၊ လောင်တီကျု ဘယ်နေရာအတွင်းမှာ ကျနော်တို့ ဘယ်နေ့ဘယ်ရက်မှာ လုပ်မယ်ဆိုတာမျိုးတွေ အသိပေးလေ့ရှိတယ်။ အဲတော့ ဒါက နိုင်ငံတွေ အချင်းချင်းကြားပေါ့နော် ဒီလိုမျိုးလုပ်မယ့်ကိစ္စနဲ့ ပတ်သက်ပြီးတော့ လုပ်ထုံးလုပ်နည်းနဲ့အညီ အသိပေးပြီးမှလုပ်တဲ့ ဟာတခုဖြစ်တယ်။”

ကျည်အစစ်တွေနဲ့ ပစ်ခတ်လေ့ကျင့်မှုနဲ့ ပတ်သက်လို့ နှစ်နိုင်ငံ နယ်စပ်လုံခြုံရေးနဲ့ နယ်မြေ တည်ငြိမ်အေးချမ်းရေးအတွက် နယ်မြေကျော်လွန် ကျရောက်တာတွေ မဖြစ်အောင်လို့ မြန်မာဘက်ကလည်း ကြိုတင် ပြင်ဆင်သင့်တာတွေ ပြင်ဆင်ထားတဲ့အတွက် နယ်စပ်နေ ပြည်သူတွေ လုံခြုံရေး စိုးရိမ်စရာ မရှိပါဘူးလို့ နိုင်ငံတော်သမ္မတရုံး ပြောခွင့်ရ ဦးဇော်ဋ္ဌေးက ပြောပါတယ်။

“နယ်စပ်ဒေသတည်ငြိမ်ရေး၊ အေးချမ်းရေးဆိုပြီးတော့ ကျနော်တို့ နှစ်နိုင်ငံ သဘောတူညီချက်တွေ ရှိပါတယ်။ အဲဒီအတိုင်းလုပ်တဲ့အတွက် သူ့ဘက်က သူ့နယ်ထဲမှာ security လုပ်တဲ့အခါမှာ ကျနော်တို့ဘက်ကို ကြိုတင် အသိပေးတာတွေ၊ သူလုပ်မယ့်နေရာတွေကို ကြိုပြီးတော့ ကြေညာတာတွေ ဒါမျိုးတွေကို လုပ်တဲ့အတွက် ထိခိုက်မှုမရှိအောင်ပေါ့နော် ဒီဘက်ကို သူ ကျော်လွန်ပြီးကျတာမျိုးတွေ မရှိအောင်တော့ ကျနော်တို့ဘက်က ဒေသခံတွေကို သတိပေးပြီးတော့ ကျနော်တို့ဘက်က တချို့လုပ်သင့်လုပ်ထိုက်တာတွေတော့ လုပ်တယ်။ သို့သော် ဒါနဲ့ပတ်သက်ပြီးတော့ အရမ်း သိပ်ပြီးတော့ စိုးရိမ်ပူပန်တာမျိုးတော့ မရှိပါဘူး။”

တရုတ်မြန်မာနယ်စပ်အနီး ကိုးကန့်ဒေသထဲမှာ မြန်မာစစ်တပ်နဲ့ ကိုးကန့်တပ်ကြား ပြင်းပြင်းထန်ထန် ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် တရုတ်နိုင်ငံဘက်ထဲအထိ လက်နက်ကြီးကျည် ကျရောက်မှုတွေ၊ ဗုံးဆံကျတာတွေ ရှိခဲ့တဲ့အတွက် တရုတ်အစိုးရဘက်က မြန်မာအစိုးရကို သတိပေး ပြောဆိုမှုတွေ ရှိပြီးတဲ့နောက်မှာပဲ တရုတ်ဘက်က ဒီစစ်ရေးလေ့ကျင့်မှုကို လုပ်ခဲ့တာပါ။ တရုတ်စစ်တပ်တွေ ရွှေ့ပြောင်းသွားလာ နေရာယူတာ၊ ကင်းထောက်တာ၊ တိုက်ခိုက်မှုစွမ်းရည်၊ စုဖွဲ့မှုနဲ့ ပြည်သူ့စစ်ထောက်ကူမှုတွေကို စမ်းသပ်ဖို့ ဒီစစ်ရေးလေ့ကျင့်မှုက ရည်ရွယ်တယ်လို့ PLA Chengdu စစ်ဘက်ကွပ်ကဲမှုဌာနက ဒုတိယဗိုလ်မှူးကြီး Tang Jibing ကပြောပါတယ်။

ဒီလိုစစ်ရေးလေ့ကျင့်တာဟာ ပူးတွဲစစ်ဆင်ရေးစွမ်းရည်တွေ ပိုကောင်းလာစေဖို့ ထိရောက်တဲ့နည်းလမ်းဖြစ်ပြီး နိုင်ငံနယ်နိမိတ်နဲ့ ဝေဟင်ပိုင်နက်ကို ကာကွယ်ဖို့၊ လူထုရဲ့အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ဖို့ လိုအပ်တဲ့လုပ်ငန်းဖြစ်တယ်လို့ ဒုဗိုလ်မှူးကြီး Tang ကဆိုပါတယ်။ ဒီစစ်ရေးလေ့ကျင့်မှုမှာ လေတပ်၊ အမြောက်တပ်၊ လေကြောင်းကာကွယ်ရေးတပ်၊ ကြည်းတပ်၊ ဒုံးကျည်နဲ့ ရေဒါတပ်တွေ တွေအပြင် ဒေသဆိုင်ရာ တရုတ်ကွန်မြူနစ်ပါတီနဲ့ အုပ်ချုပ်ရေးဌာနတွေ၊ နိုင်ငံတော်ကာကွယ်ရေးဆိုင်ရာ ဌာနတွေနဲ့ ပြည်သူ့စစ်တွေလည်း ပါဝင်ပါတယ်။

မြန်မာဘက်က စစ်ရေးတင်းမာမှုတွေကြောင့် တရုတ်ဘက်ခြမ်းမှာ တရုတ်ပြည်သူလူထုအတွက် လုံခြုံရေးစိုးရိမ်ရတဲ့ အနေအထားနဲ့ ပတ်သက်လို့ တရုတ်အစိုးရရဲ့ကိုင်တွယ်ဖြေရှင်းမှုတွေကို ပြည်သူတွေက မေးခွန်းထုတ်လာတဲ့ အတွက် ဒီလိုမျိုး တရုတ်ဘက်က စစ်အင်အားပြ လေ့ကျင့်မှု လုပ်တာဖြစ်တယ်လို့ တရုတ်မြန်မာဆက်ဆံရေး အကဲခတ် ဒေါက်တာလှကျော်ဇောက သုံးသပ်ပါတယ်။

“ဗမာ့တပ်မတော်က ပစ်တယ်၊ခတ်တယ်က တော်တော်ဆိုးတယ်။ သူတို့ဘက်ကိုလည်း ဟိုတလောက လူသေတဲ့အပြင် သူတို့သတိပေးထားတဲ့အပြင်ကို ထပ်ကျတာတွေရှိတယ်။ လေယာဉ်ပျံဗုံးကြဲတဲ့ဗုံးရော၊ ရိုးရိုးအမြောက်က ပစ်တဲ့ဟာရော၊ ကျည်ဆံတွေရောကျတယ်။ ဒီဘက်မှာရှိတဲ့ တရုတ်ပြည်သူလူထုက သူတို့အစိုးရကို တောင်းဆိုတာပေါ့။ သူတို့ကိုကာကွယ်ဖို့ပေါ့။ မတော်တဆ ထပ်ကျလာရင် ထပ်သေရင် ဘယ်လိုဖြစ်မလဲ၊ ဘာလဲပြောလို့ တရုတ်အစိုးရက အခု အဲဒီစစ်ရေးလေ့ကျင့်ခန်းတွေလုပ်ရတာ။ ဗမာအစိုးရက အဲ့လို ရန်စသလို တချက်တချက် လုပ်တာတွေရှိတယ်။ အဲဒါတွေကို ပြန်ပြီး တုံ့ပြန်တာနဲ့တူတယ်။ ဒီဘက် ကျမကြားတာတော့နော် တရုတ်ပြည်ဘက်ကမ်းမှာ ကင်းလှည့်နေတဲ့ ကားတန်းတွေ ဘာတွေကို ဗမာပြည်ဘက်က လှမ်းလှမ်းပစ်တယ်လို့ ပြောတယ်။ တရုတ်ကလည်း အဲဒါကိုတော့ မကြာခဏ ကန့်ကွက်တာတွေ ဘာတွေတော့ လုပ်ပါတယ်။ ဒါပေမဲ့ ကြည့်ရတာ ပြောမရဘူးနဲ့တူတယ်။ အဲဒါကြောင့် ရေတပ်ရော၊ ကြည်းတပ်ရော အကြီးအကျယ်ကို လေ့ကျင့်ခန်းလုပ်တာပဲ။”

အခုလို တရုတ်ဘက်က စစ်ရေးလေ့ကျင့်မှုတွေ လုပ်ဖို့ ကြေညာလိုက်ချိန်ကစလို့ စစ်ရေးလေ့ကျင့်မှု စနေချိန်အထိ တရုတ်-မြန်မာနယ်စပ်အနီး ကိုးကန့်ဒေသထဲမှာ နှစ်ဘက်ရင်ဆိုင်တိုက်ပွဲဖြစ်ပွားနေတဲ့ စစ်ရေးတင်းမာမှု အရှိန်တန့်သလောက် ဖြစ်သွားတယ်လို့ ကိုးကန့်တပ်ပြောခွင့်ရ ဦးထွန်းမြတ်လင်းက ပြောပါတယ်။

တရုတ်နယ်စပ်အနီး မြန်မာတပ်နဲ့ ကိုးကန့်တပ်အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အချို့ကြား စစ်ရေးတင်းမာမှုတွေကြောင့် စစ်ပြေးဒုက္ခသည် အများအပြား တရုတ်နယ်စပ်ဘက်ကို ထွက်ပြေး တိမ်းရှောင်နေကြရသလို တရုတ်-မြန်မာနယ်စပ်မှာလည်း လုံခြုံရေး တင်းကျပ်ချထားတဲ့ အနေအထားဖြစ်ပါတယ်။

XS
SM
MD
LG