သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနယ်စပ် တရုတ်လုံခြုံရေး တိုးမြှင့်


တရုတ်-မြန်မာ နယ်စပ် လိုင်ဇာမြို့အဝင်မြင်ကွင်း
တရုတ်-မြန်မာ နယ်စပ် လိုင်ဇာမြို့အဝင်မြင်ကွင်း
မြန်မာနိုင်ငံ ကချင်ပြည်နယ်တွင်းက တိုက်ပွဲအခြေအနေတွေကြောင့် မြန်မာ နဲ့ နယ်ချင်းစပ်နေတဲ့ တရုတ်နိုင်ငံ နယ်စပ်တလျှောက်မှာ လုံခြုံရေးအင်အားတွေကို တိုးမြင့်ထားတယ် လို့ တရုတ်နိုင်ငံ အစိုးရထုတ် Global Times သတင်းစာမှာ ရေးသားဖော်ပြ ထားပါတယ်။ ဒါ့အပြင် နယ်စပ်တိုက်ပွဲ အခြေအနေတွေကြောင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်တွင်း လေယာဉ်ခရီးစဉ်အချို့ကို
ရွှေ့ဆိုင်းခဲ့ရတယ် လို့လည်း ဖော်ပြပါတယ်။ တရုတ် မြန်မာနယ်စပ် အခြေအနေနဲ့ ပတ်သက်လို့တော့ စုံစမ်းမေးမြန်းထားတဲ့ ကိုသားညွန့်ဦးက ဆက်ပြီး တင်ပြပေးမှာပါ။

"ကချင်တိုက်ပွဲတွေကြောင့် တရုတ်နိုင်ငံတွင်းကို လက်နက်ကြီးကျည်ဆန်တွေ ကျရောက် လာတဲ့ အပေါ်မှာ တရုတ်ဖက်က မြန်မာကို ကန့်ကွက်ပြောဆိုပြီးတဲ့နောက်၊ တရုတ် မြန်မာ နယ်စပ် တလျှောက်မှာ လုံခြုံရေးတွေ ပို တိုးမြင့်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အထူးသဖြင့်တော့ စစ်ပွဲကြောင့် ဒုက္ခသည်တွေ အလုံးအရင်းနဲ့ တရုတ်နိုင်ငံဘက်ကို ဝင်ရောက်လာမှာကို တရုတ်အာဏာပိုင်တွေက ပိုစိုးရိမ်နေတယ် လို့ သိရပါတယ်။ လက်ရှိအားဖြင့်လည်း ဒုက္ခသည်အချို့ ဝင်ရောက်နေတာရှိပေမယ့်၊ ကချင် ကေအိုင်အေ ဌာနချုပ် လိုင်ဇာဖက်ကို ထိုးစစ်ကြီးတွေ ဆင်လာရင်၊ ကချင်အရပ်သား ဒုက္ခသည်တွေအနေနဲ့ တဖက်ခြမ်း တရုတ်ဘက်ကိုပဲ အဓိက ဝင်ရောက်လာနိုင်စရာ ရှိတာကြောင့်လို့ ဆိုပါတယ်။ ဒါ့အပြင် မနေ့က တရုတ်နယ်စပ်မှာဖြစ်ခဲ့တဲ့ တရုတ်ပြည်ထဲမှာရှိတဲ့ ကချင်နွယ်ဖွားတွေ အများအပြား ကချင် နယ်စပ်ကို ရောက်လာပြီး ဆန္ဒပြ တာဟာ တရုတ်အတွက် ပိုပြီး စိုးရိမ်စရာဖြစ်ခဲ့တယ်လို့ တရုတ်နယ်စပ်မှာ ရှိတဲ့ မြန်မာ့အရေးလေ့လာသူ ဦးအောင်ကျော်ဇောက ဗွီအိုအေကို ပြောပါတယ်။

"ပိုဆိုးသွားတာက မနေ့ကတုန်းကဆိုရင် တရုတ်ပြည်တွင်းမှာရှိတဲ့ ကချင်တွေ ၁၆၀၀ လောက် ကားအစီး ၁၀၀ နဲ့ လိုင်ဇာကိုလာကြတယ်။ လာကြပြီးတော့ ကချင်ပြည်နယ်နေ့ကို အသိအမှတ်ပြုတဲ့အနေနဲ့ပေါ့ နောက် ကချင် အိုင်ဒီပီတွေကို စာနာတယ် ကေအိုင်အိုကို စာနာတယ် အဲလိုဟာမျိုး လာပြီးတော့ပြောတယ်။ တရုတ်ကပိတ်ထားတာကိုး။ နယ်စပ်က နစခ က ပိတ်ထားတဲ့ အခါကြတော့ လာပြောတဲ့ အထဲမှာလည်း တရုတ်ပြည်မှာ အမှုထမ်း နေတဲ့ တရုတ်ပြည်ကချင်တွေ
တရုတ်ကချင်တွေ ဝန်ထမ်းတစ်ချို့ပါတယ်။ ပါတော့ တရုတ်အနေနဲ့ နေ့ညကတော့ အတော် ခေါင်းကိုက်တဲ့ ကိစ္စဖြစ်မှာပေါ့။ လောလောဆယ် ကျနော်တို့
ပြင်ဆင်မှုတွေ့တာတော့ လက်နက်ကိုင်ရဲ လို့ ခေါ်တာပေါ့။ သူတို့ မှာတော့
နယ်စပ်ဒေသ တည်ငြိမ်ရေး နဲ့လူဝင်မှုကြီးကြပ်ရေး တာဝန်ထမ်းဆောင်နေကြတဲ့
တပ်မဟုတ်သေးဘူး။ အဲဒီ အဖွဲ့တွေတော့ တိုးပြီးချလာတယ်။ တပ်ကတော့
ကျနော်တို့ သိသလောက် မူလချထားတဲ့ တပ်ရင်း ၃ ရင်းပေါ့နော် ကေအိုင်အေ နယ်မပါသေးဘူး အောက်ဖက်မှာတင် တပ်ရင်း ၃ရင်းဆိုတော့ ကေအိုင်အေ
နယ်နဲ့ပေါင်းရင် ၅ ရင်းလောက်ရှိတာပေါ့။ အဲဒါကို ထပ်ဖြည့်မယ်ဆိုရင်လည်းနောက်ထပ် သုံး လေးရင်း ထပ်ဖြည့်မယ့် အလားအလာ မြင်တယ်။ ပြီးခဲ့တဲ့ လွန်ခဲ့တဲ့ ၈ရက် ၉ရက် ၁၀ရက် လောက်မှာတော့ ရှင်ထူးစစ်ဒေသကြီးပေါ့။ ကွန်းမိန် စစ်ဒေသကြီးကနေ အရာရှိကြီးတွေကို နယ်စပ်တစ်ကြောကို လိုက်ပြီးတော့လိုက်ကြည့်သွားကြတယ်။"

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကနေပြီးတော့ သူ့နိုင်ငံထဲကို ဗုန်းကျည်သုံးလုံး ကျတာနဲ့ ပါတ်သက်လို့ ကန့်ကွက်ထားတာရှိပါတယ်ခင်ဗျ။ အဲဒါနဲ့ ပတ်သက်ပြီးတော့ကော ဘာများထူးခြားတာရှိလဲ။ မြန်မာဖက်က။

"ကန့်ကွက်ပြီးတော့မှ နောက်ထပ် ၃လုံးထပ်ကျတယ်လေ။ ၉ရက်နေ့ နောက်ပိုင်းမှာ
နောက်ထပ် ၃လုံးထပ်ကျတယ်။ ကန့်ကွက်ပြီးမှကို ထပ်ကျတာ"

ဒီအပေါ်မှာကော တရုတ်ဖက်က ဘာထပ်တုန့်ပြန်တာရှိပါလဲ။

"ကျနော်တို့ အခုထိတော့ သူတို့ ဘာတုန့်ပြန်မယ် မပြောတပ်ဘူးဗျ။ အခုလိုပဲ
လူကြီးတွေတော့ သူတို့အထဲက လူကြီးတွေကိုယ်တိုင်ဆင်းလာပြီး ကြည့်နေကြတာ
တွေ့တယ်"

တစ်ချို့က ယူဆတာက ကေအိုင်အေ လိုင်ဇာတို့ လန်ဂျားယန်တို့ကို တိုက်တဲ့ အခါမှာ လေယာဉ်သုံးတဲ့ အခါမှာ တရုတ်နယ်ထဲအထိ လေယာဉ်က ဝင်တယ်။ တရုတ်ဘက်ကပဲ ခွင့်ပြုထားလို့လား။

"တရုတ်လေတပ်က ငြင်းတယ်ပေါ့ဗျာ။ လူတိုင်းမြင်တယ်။ အရပ်သားတွေ လည်းမြင်တယ်ပေါ့။ ကျနော်တို့က လေကြောင်းကိစ္စကတော့ သိပ်တော့နားမလည်ဘူး။ ကျနော်တို့လည်း မေးထားတုန်းပဲ။ ဟိုဖက် ဒီဖက်မှာ ၅ကီလို ဘော်ဒါရဲ့ ဟိုဖက် ဒီဖက်မှာ ၅ကီလိုလောက်ကို အင်တာနေရှင်နယ်ဇုံ
အနေနဲ့ထားသလား။ သူ့ဖက်ကပြန်ပြောတာက ဒီ ၂၆ရက်ကစပြီးတော့ ၉ရက်နေ့အထိ အဲ
၇ရက်နေ့အထိမှာ ဗမာစစ်တပ်က လေကြောင်းအရတိုက်ခိုက်မှုက ၁၁၉ ကြိမ်ရှိတယ်။
သူတို့ရေဒါကရထားတာ။ ၁၁၉ ကြိမ်ရှိတယ်ပြောတယ်"

Global Times သတင်းစာမှာတော့ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာ ကချင်ပြည်နယ် နယ်စပ် တိုက်ပွဲတွေကြောင့် ယူနန်ပြည်နယ်တွင်းသွားတဲ့ လေယာဉ်ခရီးစဉ်အချို့ ရွေ့ဆိုင်း ခဲ့ရပြီး၊ ကြာသာပတေးနေ့မှာတော့ ပုံမှန် ပြေးဆွဲခဲ့တယ်လို့ ရေးထားပါတယ်။ တိုက်ပွဲတွေဖြစ်ပြီး မီးခိုးမှိုင်းတွေ
ပြည့်နေတာကြောင့် လို့ဆိုပါတယ်။ ဒါ့အပြင် ကေအိုင်အေ ဌာနချုပ်ရှိရာ နယ်စပ်က လိုင်ဇာမြို့အနီးတဝိုက်မှာ မြန်မာဖက်က လေကြောင်းနဲ့ရော မြေပြင်ကပါ ပြီးခဲ့တဲ့ စနေကတည်းက ထိုးစစ်ဆင်ခဲ့တယ်လို့ ဒေသခံတွေကို ကိုးကားရေးသားပါတယ်။ ကချင်ပြည်နယ် အခြေအနေတွေနဲ့ပတ်သက်လို့ ကေအိုင်အေဖက်ကို မေးမြန်းကြည့်တော့ လိုင်ဇာအနီးတဝိုက်မှာ ဒီကနေ့သောကြာနေ့ တိုက်ပွဲတွေ အေးနေပေမယ့်၊ ပန်းဝါနဲ့ အခြားဒေသတွေမှာ
တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ သိရပါတယ်။
XS
SM
MD
LG