သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဝတပ်ကို တရုတ်လက်နက်ရောင်း


ဝပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA)မှ တပ်သားများကို တရုတ်နယ်စပ်တွင် တွေ့ရစဉ်။
ဝပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA)မှ တပ်သားများကို တရုတ်နယ်စပ်တွင် တွေ့ရစဉ်။
တရုတ်မြန်မာ နယ်စပ်မှာအခြေစိုက်တဲ့ လက်နက်ကိုင်အဖွဲ့တခုကို
တရုတ်နိုင်ငံက ခေတ်မှီ လက်နက်တွေကို ရောင်းချနေတယ်လို့ လုံခြုံရေးဆိုင်ရာ
လေ့လာသုံးသပ်သူတွေက ပြောလိုက်ပါတယ်။ မြန်မာနိုင်ငံထဲက အင်အားအကြီးဆုံး
လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော်ကို တရုတ်က
လက်နက်တွေ တိတ်တဆိတ် ရောင်းချနေတာဖြစ်တယ်လို့ ကာကွယ်ရေးနဲ့
လုံခြုံရေးဆိုင်ရာလေ့လာရေး Jane's Defense ရဲ့ အစီရင်ခံစာထဲမှာ
ဖေါ်ပြလိုက်တာဖြစ်ပါတယ်။ အပြည့်အစုံကို သတင်းထောက် Daniel Schearf
ဘန်ကောက်က ပေးပို့တဲ့သတင်းအပေါ်မူတည်ပြီး မစုမြတ်မွန်က တင်ပြပါမယ်။

တရုတ်မြန်မာနယ်စပ် ကချင်ပြည်နယ်မှာ ကချင်လက်နက်ကိုင် KIA တပ်ဖဲ့ွတွေနဲ့
အစိုးရတပ်တွေကြားတိုက်ပွဲတွေကို ထိန်းထိန်းသိမ်းသိမ်းလုပ်ကြဖို့
တရုတ်အစိုးရ ပြောနေချိန်မှာပဲ တရုတ်အစိုးရဟာ နယ်စပ်က
နောက်ထပ် လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ The United Wa State Army (UWSA) ဝတပ်ဖွဲ့ကို လက်နက်တွေ တိတ်တဆိတ်ရောင်းချနေတယ်လို့ လုံခြုံရေးဆိုင်ရာ လေ့လာသူတွေက ပြောလိုက်ပါတယ်။

ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော်ရဲ့ စစ်တပ်အင်အားကို ဖြည့်တင်းနိုင်ဖို့
ခေတ်မှီလက်နက်တွေကို တရုတ်က ပြီးခဲ့တဲ့ နှစ်က ရောင်းချခဲ့တယ်လို့
လုံခြုံရေးဆိုင်ရာ လေ့လာရေး Jane's Defence ရဲ့ ဒီဇင်ဘာလက ထုတ်ပြန်တဲ့
လုံခြုံ ရေးသုံးသပ်ချက်အစီရင်ခံစာထဲမှာ ဖေါ်ပြထားပါတယ်။

ရောင်းချခဲ့တဲ့အထဲမှာ မြေပြင်ကနေ ဝေဟင်ပစ် Missile ဒုံးလက်နက်တွေ ပါဝင်သလို သံချပ်ကာကား ၁၂ စင်း အနည်းဆုံး ပါဝင်တယ်လို့ဆိုပါတယ်၊ Jane's Defence လုံခြုံရေး
အစီရင်ခံစာ အဆိုအရတော့ Tank Destroyer တင့်ကားဖျက်လက်နက်တွေလို့
သုံးနှုန်းထားပါတယ်၊ ဒီအစီရင်ခံစာကိုရေးသားတဲ့ ထိုင်းအခြေစိုက်
လုံခြုံရေးဆိုင်ရာ လေ့လာသုံးသပ်သူ Anthony Davis က တရုတ်အစိုးရဟာ
ဝတပ်ဖွဲ့ကို လက်နက်တွေရောင်းနေပေမဲ့ မြန်မာအစိုးရနဲ့ ဆက်ဆံရေးကို
အတိမ်းအစောင်းမရှိအောင် ကြိုးစားနေတယ်လို့ ဆိုပါတယ်၊

"တရုတ်ဟာ နယ်စပ်တလျှောက်မှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်
တပ်ဖွဲ့တွေကို လှစ်လျှူရှုထားမထားနိုင်သလို ဗဟိုအစိုးရကိုလဲ လစ်လျှူ
မရှုထားနိုင်ပါဘူး၊ ဒါဆိုရင် တရုတ်က လက်နက်ကိရိယာတွေကို
တိုက်ရိုက်ပေးနေသလားလို့ ဆိုရင်လဲ အဲလို မဟုတ်ပြန်ပါဘူး၊ လက်နက်တွေဟာ
အစိုးရအဖွဲ့ထဲက အဆင့်မြင့်တာဝန်ရှိသူတွေဆီက လာတယ်ဆိုတာကတော့ ရှင်းပါတယ်၊
အဲဒီလိုပြောလို့ တိုက်ရိုက်ငွေကြေးထောက်ပံ့နေတယ်လို့လဲ မဆိုနိုင်ပါဘူး၊
သူတို့အတွက်က ငြင်းသာ ဖယ်သာ အခြေအနေကိုထိန်းထားဖို့ လိုပါတယ်"

Jane's Defence ရဲ့ လုံခြုံရေး အစီရင်ခံစာနဲ့ ပါတ်သက်လို့
တရုတ်နိုင်ငံခြားရေးဌာနက တစုံတရာ တုံ့ပြန်ဖို့ ငြင်းဆိုခဲ့ပါတယ်၊
သမ္မတပြောခွင့်ရသူ ပြန်ကြားရေးဒုတိယဝန်ကြီး ဦးရဲထွဋ်ကလဲ ဒီအစီရင်ခံစာနဲ့
ပါတ်သက်လို့ တုံ့ပြန်ဖို့ ငြင်းဆန်ခဲ့ပါတယ်၊

"ဒီကိစ္စနဲ့ ပါတ်သက်လို့ ကျွန်တော်တို့မှာ ဘာသတင်းအချက်အလက်မှ မရပါဘူး၊
ကျွန်တော်တို့ရဲ့ ပြည်တွင်းရေးမှာ ဝင်ရောက်စွက်ဖက်မှာ မဟုတ်ဘူးလို့
တရုတ်အစိုးရက အမြဲအာမခံချက် ပေးပါတယ်၊ သူတို့ရဲ့ အာမခံချက်ကို
ကျွန်တော်တို့ကလဲ လက်ခံပါတယ်။"

မြန်မာအစိုးရကို တော်လှန်တိုက်ခိုက်နေကြတဲ့ တိုင်းရင်းသား
လက်နက်ကိုင်အဖွဲ့တွေထဲမှာ ဝ တပ်ဖဲ့ွဟာ အင်အားအများဆုံးဖြစ်ပြီး
စစ်သားအင်အား ၃ သောင်းလောက် ရှိမယ်လို့ ခန့်မှန်းရပါတယ်၊ တရုတ်အစိုးရက
ဝင်ရောက်မစွက်ဖက်ရေးမူကို မူအားဖြင့် ကျင့်သုံးနေတယ်ဆိုပေမဲ့ ဝတပ်ဖွဲ့ကို
လက်နက်တွေ အကြီးအကျယ် ထောက်ပံ့နေခဲ့တာ ကြာပြီလို့ စစ်ရေးသုံးသပ်သူတွေက
ဆိုပါတယ်။

UWSA ဝအဖွဲ့ဟာ 1989 ခုနှစ်က ဗမာပြည်ကွန်မြူနစ်ပါတီကနေ ခွဲထွက်ခဲ့တဲ့
လူနည်းစု တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေထဲက တခုဖြစ်ပါတယ်၊
တရုတ်အစိုးရက ကွန်မြူနစ်တွေကို တိုက်ရိုက်ထောက်ခံလာခဲ့သလို
ခွဲထွက်ဖွဲ့စည်းတဲ့ သူပုန်အဖွဲ့တွေနဲ့လဲ ဆက်ဆံရေး မပျက်ခဲ့ပါဘူး၊
အဲဒီအထဲမှာ တရုတ်အစိုးရဟာ တရုတ်ဘာသာစကားပြောတဲ့ ဝ အဖွဲ့နဲ့
ပိုပြီးရင်းနှီးတယ်လို့ Yale တက္ကသိုလ်မှာ ပါရဂူဘွဲ့ဆည်းပူးနေတဲ့ Josh
Gordon ကမြင်ပါတယ်၊ ဝ တွေဟာ တရုတ်တွေရဲ့ ကိုယ်ပွားဖြစ်တယ်လို့ သူက
ဆိုပါတယ်။

"သူတို့ဟာ တရုတ်ယွမ်ငွေကို သုံးတယ်၊ တရုတ်လက်ကိုင်ဖုန်းတွေကို သုံးတယ်၊
မြို့ထဲက နေရာတော်တော်များများမှာ တရုတ်ဆီက လျှပ်စစ် စွမ်းအင်ကို
သုံးတယ်၊ တရုတ်ရဲ့ အင်တာနက်ကို သုံးစွဲ ဆက်သွယ်နေကြပါတယ်။"

အရင် စစ်အစိုးရလက်ထက်တုန်းက UWSA ဝအဖွဲ့နဲ့ 1990 ပြည့်လွန်နှစ်တွေမှာ
အပစ်အခတ်ရပ်ဆဲရေး သဘောတူခဲ့ပြီး ရှမ်းပြည်အရှေ့မြောက်ပိုင်းမှာ
အထူးဒေသတွေပေးပြီး ကိုယ်ပိုင် အုပ်ချုပ်ခွင့်ပေးထားခဲ့ပါတယ်။ ဝဒေသဟာ
အာရှမှာ Methamphetamine စိတ်ကြွဆေးတွေ အများဆုံးထွက်ရှိရာ ဒေသဖြစ်လာသလို
ဝအဖဲ့ွဟာ ဒေသတွင်းမှာ အကြီးကျယ်ဆုံး မူးယစ်ဆေးရောင်းချတဲ့ အဖွဲ့အဖြစ်
လက်ခံကြထားကြပါတယ်၊ ဝခေါင်းဆောင် ဝေလျှောက်ခန်ရဲ့ ဓါတ်ပုံတွေကို
အလိုအရှိဆုံး မူးယစ်ရာဇာအဖြစ် အမေရိကန် မူးယစ်ဆေးတိုက်ဖျက်ရေးအဖွဲ့ DEA က
၂၀၁၁ ခုနှစ်က ထိုင်းပျော်ပွဲစားရုံတွေမှာ ချိတ်ဆွဲ ကြေညာခဲ့ပါတယ်။

တရုတ်အစိုးရက ဝတပ်ဖွဲ့ကို လက်နက်တွေရောင်းနေပေမဲ့ တရုတ်
မြန်မာနယ်စပ်ဒေသကို တည်ငြိမ်မှု ပျက်ပြားအောင် လုပ်တာ မဟုတ်ပါဘူးလို့
Davis ကပြောပါတယ်၊ သူ့ရဲ့ သုံးသပ်ချက်ကတော့ မြန်မာအစိုးရအနေနဲ့
ကချင်ပြည်နယ်မှာ တိုက်ခိုက်သလိုမျိုး ဝ ဒေသကို တိုက်ခိုက်ဖို့
စိတ်တောင်မကူးနဲ့ဆိုတာမျိုး အချက်ပေးချင်တာသာ ဖြစ်တယ်လို့ ဆိုပါတယ်၊

"မြန်မာနိုင်ငံ မြောက်ပိုင်းမှာ တရုတ်တွေက လှုံ့ဆော်
သွေးထိုးပေးနေတာ မဟုတ်ပါဘူး၊ ဝကို ပြန်လည်အားဖြည့်ပေးခြင်းအားဖြင့်
သူတို့အနေနဲ့ စစ်ရေးအတားအဆီးကို အားပေးနေတာပါ၊ တရုတ်နိုင်ငံအကျိုးအတွက်
လွန်ခဲ့တဲ့ အနှစ် ၂၀ ထဲကရှိခဲ့တဲ့ တည်ငြိမ် အေးချမ်းမှုကို သူတို့က
ပြန်လည်အားဖြည့်ပေးနေတာဖြစ်ပါတယ်။"

ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ နယ်စပ်လုံခြုံရေး ကိစ္စတွေကို ဆွေးနွေးဖို့ တရုတ်က အဆင့်မြင့်စစ်အရာရှိကြီးတယောက်ကို ဒီလထဲမှာပဲ တရုတ်က စေလွှတ်ခဲ့ပါတယ်၊
မြန်မာနိုင်ငံမှာ စစ်အစိုးရလက်ထက် အနောက်နိုင်ငံတွေရဲ့
ပိတ်ဆို့ဒဏ်ခတ်မှုတွေ ခံထားရချိန်ကာလကဆိုရင် တရုတ်ဟာ မြန်မာနိုင်ငံအပေါ်မှာ
အတော်ကို သြဇာညောင်းခဲ့ပါတယ်။ ဒါပေမဲ့ သမ္မတဦးသိန်းစိန်လက်ထက်
ပြုပြင်ပြောင်းလဲမှုတွေလုပ်လာတဲ့နောက်ပိုင်း ပိတ်ဆို့ဒဏ်ခတ်မှုတွေကိုလဲ
အနောက်နိုင်ငံတွေက ဆိုင်းငံ့လိုက်ပြီးတဲ့နောက် မြန်မာအပေါ် တရုတ်ရဲ့ သြဇာ
လွှမ်းမိုးမှုဟာ လျှော့ပါးလာခဲ့ပါတယ်၊ ဒါကြောင့် တရုတ်က ဝ တပ်ဖဲ့ွကို
လက်နက်ေတွေရောက်ပြီး တုံ့ပြန်လိုက်တာလို့ လုံခြုံရေးဆိုင်ရာ
လေ့လာသုံးသပ်သူ Anthony Davis က သုံးသပ်ပါတယ်
XS
SM
MD
LG