သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အငြင်းပွားနယ်မြေတွင်း တရုတ်မီးပြ ၂ ခု တည်ဆောက်


တရုတ်က ရေကြောင်းချဲ့ထွင်မှုတွေ တိုးမြှင့်လုပ်လာနေတာနဲ့ ပတ်သက်ပြီး ဒေသတွင်းတင်းမာမှုတွေ မြင့်မားနေချိန်မှာပဲ နယ်မြေပိုင်နက် အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်ပြင်ထဲ မီးပြတိုက်နှစ်ခု ဆောက်လုပ်နေတာပြီးစီးသွားပြီလို့ တရုတ်အစိုးရ ဆင်ဟွာသတင်းမှာ ဖေါ်ပြထားပါတယ်။

Spratly ကျွန်းစုမှာရှိတဲ့ Cuateron နဲ့ Johson South သန္တာကျောက်တန်းနှစ်နေရာမှာ မီးပြတိုက်နှစ်ခု တည်ဆောက်ပြီးစီးတဲ့အောင်ပွဲကို သောကြာနေ့ ညနေပိုင်းမှာ ကျင်းပခဲ့တာလို့ သတင်းမှာ ဖေါ်ပြထားသလို ရုပ်သံမှာပါ ပြသပါတယ်။ အမေရိကန်နဲ့ ဖိလစ်ပိုင်တို့က ဒီတည်ဆောက်မှုကို ကန့်ကွက် ထားကြတာပါ။ ဒီသန္တာကျောက်တန်းတွေကို တရုတ်တို့က Hua yang နဲ့ Chi gua လို့ခေါ်ပါတယ်။

ပင်လယ်ရေကြောင်းဆိုင်ရာ တရုတ်ကူးသန်းရေးဝန်ကြီးဌာနကတော့ တောင်တရုတ်ပင်လယ်ပြင်ကို ဖြတ်သန်းသွာလာမယ့် သဘောၤတွေအတွက် လမ်းပြ အထောက်အကူရအောင် ဒီမီးပြတိုက်တွေက အထောက်အကူပေးနိုင်တယ်လို့ ပြောပါတယ်။

တောင်တရုတ်ပင်လယ်ပြင်ထဲမှာ ရေကြောင်းဖြတ်သန်း ကုန်သွယ်နေမှုဟာ တနှစ်ကို ဒေါ်လာ ၅ ထရီလီယမ်ဖိုးလောက်ရှိပါတယ်။ စွမ်းအင်ကြွယ်ဝတဲ့ တောင်တရုတ်ပင်လယ်ပြင်မှာ နေရာအများစုကို တရုတ်က သူတို့ပိုင်တယ်လို့ ကြေညာနေသလို ဖိလစ်ပိုင်း၊ ဗီယက်နမ်၊ မလေးရှား၊ တိုင်ဝမ်နဲ့ ဘရူနိုင်းတို့ကလည်း သူတို့ ပိုင်ကြောင်းကြေညာနေကြတာဖြစ်ပါတယ်။

Spratly ကျွန်းစုထဲက တရုတ်တို့ရဲ့ အဆောက်အဦးတွေရှိရာ ကျွန်းတွေပတ်လည် ရေမိုင် ၁၂ မိုင်အတွင်း စစ်သင်္ဘောတွေနဲ့ ဝင်ရောက်ဖို့ အမေရိကန်က စဉ်းစားနေချိန်မှာပဲ လွတ်လွတ်လပ်လပ်သွားလာလို့ရတယ်ဆိုပြီး သူတို့ရေပိုင်နက်ထဲ ကျူးကျော်လာရောက်မှုကို သည်းခံမှာမဟုတ်ဘူးလို့ သောကြာနေ့ကပဲ တရုတ်က ပြောပါတယ်။

အမေရိကန်အစိုးရကတော့ ဒီသန္တာကျောက်တန်းတွေပေါ်မှာ ဆောက်လုပ်ရေးလုပ်ပြီး သူ့ပိုင်နက်လို့ တရုတ်ရဲ့ကြေညာမှုကို အသိမှတ်ပြုတဲ့လက္ခဏာ မပြတဲ့အပြင် နိုင်ငံတကာရေကြောင်း ဥပဒေအရခွင့်ပြုထားတဲ့နေရာကို အမေရိကန်ရေတပ်က ဆက်လက် သွားရောက်မှာဖြစ်ကြောင်း ပြောပါတယ်။

ဒီပြဿနာဟာ ကမ္ဘာ့စီးပွါးရေးအင်အားကြီးနှစ်နိုင်ငံဖြစ်တဲ့ အမေရိကန်နဲ့တရုတ်တို့ကြား ဆက်ဆံရေးတင်းမာမှု ပိုတိုးစေတဲ့ အကြောင်းရင်းတခုလည်း ဖြစ်ပါတယ်။

XS
SM
MD
LG