သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာရွေးကောက်ပွဲ ထောက်ခံဖို့ တရုတ်သမ္မတ ကတိပြု


တရုတ်နိုင်ငံမှာ ရောက်နေတဲ့ မြန်မာစစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို တရုတ်သမ္မတ ဟူကျင်းတောင်က ဗုဒ္ဓဟူးနေ့မှာ အခမ်းအနားနဲ့ ကြိုဆိုခဲ့ပါတယ်။ မြန်မာစစ်ကောင်စီ ခေါင်းဆောင်ဟာ သူ့ခရီးစဉ်ရဲ့ ဒုတိယနေ့မှာ တရုတ်သမ္မတနဲ့ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲတွေ ကျင်းပဖို့ ပြင်ဆင်နေတဲ့ အချိန်မှာ တရုတ်တို့ အနေနဲ့ မြန်မာစစ်အစိုးရကို အခိုင်အမာ ထောက်ခံတဲ့ အကြောင်း တရုတ်သမ္မတက ပြောပါတယ်။ ကျင်းပမယ့် ရွေးကောက်ပွဲတွေဟာ တရားမျှတမှုမရှိတဲ့ အတုအယောင် ရွေးကောက်ပွဲတွေပဲ ဖြစ်လိမ့်မယ်လို့ ဝေဖန်သူတွေက ပြောထားတာပါ။

တရုတ်-မြန်မာ နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေး ထူထောင်ခဲ့တာ နှစ် ၆၀ ပြည့်ခဲ့ပြီဖြစ်ပြီး ဒီဆက်ဆံရေးကို ထိန်းသိမ်းသွားဖို့နဲ့ ပူးပေါင်းဆောင်ရွက်ရေးကို မြှင့်တင်ဖို့ ကြိုးပမ်းဆောင်ရွက်ချက်တွေကို တရုတ်သမ္မတနဲ့ မြန်မာစစ်ကောင်စီ ခေါင်းဆောင်တို့က ချီးကျူး ပြောဆိုခဲ့ကြပါတယ်။

နိုင်ငံတကာ အခြေအနေတွေ ဘယ်လိုပဲပြောင်းပြောင်း မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး တရုတ်တို့ရဲ့ မူဝါဒကတော့ ပြောင်းလဲမှာ မဟုတ်ဘူးလို့ မစ္စတာဟူက ပြောပါတယ်။

မြန်မာစစ်အစိုးရကို တရုတ်တို့က ထောက်ခံအားပေးတဲ့အပေါ် လူ့အခွင့်အရေးအဖွဲ့တွေက ဝေဖန်ပြောဆိုထားကြသလို ကျင်းပမယ့် ရွေးကောက်ပွဲတွေဟာ နောက်အစိုးရ အဖွဲ့ထဲမှာ မြန်မာစစ်ဘက်က လွှမ်းမိုးချုပ်ကိုင်ထားဖို့ လုပ်တာဖြစ်တယ်လို့ ပြောကြပါတယ်။

မြန်မာစစ်အစိုးရက လူ့အခွင့်အရေး ချိုးဖောက်တာ၊ နိုင်ငံရေး အတိုက်အခံတွေကို ဖိနှိပ်တာတွေကြောင့် အနောက်နိုင်ငံတွေက ဝေဖန် ပြစ်တင်ကြပါတယ်။

သဘာ၀ သယံဇာတ ပေါကြွယ်ဝတဲ့ မြန်မာနိုင်ငံမှာ တရုတ်တို့ရဲ့ စီးပွားရေး အကျိုးအမြတ်တွေ ရှိနေပါတယ်။

ပြီးခဲ့တဲ့ဇွန်လမှာ တရုတ်သမ္မတ ဟူကျင်းတောင် မြန်မာနိုင်ငံကို လာခဲ့ချိန်တုန်းက သဘာဝဓာတ်ငွေ့ပိုက်လိုင်း တည်ဆောက်ရေး စီမံကိန်းတခု အပါအဝင် ကုန်သွယ်ရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ သဘောတူညီချက် အတော်များများကို နှစ်နိုင်ငံ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

မြန်မာနိုင်ငံဟာ တရုတ်တို့ရဲ့ မိတ်ဆွေ အိမ်နီးချင်းနိုင်ငံ ဖြစ်တယ်လို့ တရုတ်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ ကျန်ယုက အင်္ဂါနေ့မှာ ပြောခဲ့ပါတယ်။ ဒါ့အပြင် နိုဝင်ဘာလမှာ ကျင်းပမယ့် ရွေးကောက်ပွဲတွေဟာ မြန်မာ့ပြည်တွင်းရေးကိစ္စ ဖြစ်ပြီး မြန်မာနိုင်ငံကို ဝေဖန်နေကြတဲ့ နိုင်ငံတွေအနေနဲ့ မြန်မာ့ပြည်တွင်းရေး မူဝါဒတွေပေါ်မှာ၊ သူ့အဆိုအားဖြင့်၊ အနှုတ်လက္ခဏာဆောင်တဲ့ သက်ရောက်မှုမျိုးတွေ မဖြစ်အောင် ရှောင်ရှားလိမ့်မယ်လို့ တရုတ်တို့က မျှော်လင့်တယ်ဆိုပြီး ပြောခဲ့ပါတယ်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ အဖွဲ့ဟာ ၂၀၁၀ ပြည့်နှစ်၊ ရှန်ဟဲ နိုင်ငံတကာ ကုန်စည်ပြပွဲနဲ့ တရုတ်နိုင်ငံတောင်ပိုင်း၊ ဂွမ်ဒေါင်းပြည်နယ်က ရှန်ဇန်း စီးပွားရေးဇုန်ဆီ သွားဖို့ရှိပြီး စနေနေ့မှာ တရုတ်နိုင်ငံကနေ ပြန်မှာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG