သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ ဦးသိန်းစိန် တရုတ်နိုင်ငံ သွားမည်


သမ္မတ ဦးသိန်းစိန် တရုတ်နိုင်ငံ သွားမည်
သမ္မတ ဦးသိန်းစိန် တရုတ်နိုင်ငံ သွားမည်

မြန်မာအစိုးရသစ်ရဲ့ အကြီးအကဲ ရှေ့တပတ်ထဲ တရုတ်နိုင်ငံကို သွားရောက်ဖို့ ရှိနေပြီး ခရီးစဉ်အတွင်း ၂ နိုင်ငံကြား သံတမန်ရေးနဲ့ စီးပွားရေး ဆက်ဆံမှုတွေကို တိုးမြှင့်သွားနိုင်ရေး ဆွေးနွေးကြလိမ့်မယ်လို့လည်း မျှော်လင့်ရပါတယ်။

အိမ်နီးချင်း တရုတ်နိုင်ငံကို ဒီလ ၂၆ ရက်နေ့မှာ သမ္မတ ဦးသိန်းစိန် သွားရောက်ဖို့ ရှိနေတဲ့အကြောင်း အမည်မဖော်လိုသူ အစိုးရ တာဝန်ရှိသူ တဦးကို ကိုးကားပြီး AFP သတင်းက ဖော်ပြခဲ့တာပါ။

သမ္မတတာဝန် ရယူပြီးတဲ့နောက် ပထမဆုံး ပြည်ပခရီးစဉ် အဖြစ်နဲ့ကတော့ ဒီလထဲ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တော်က အာရှ၊ ပစိဖိတ်ဒေသ ထိပ်သီး အစည်းအဝေးပွဲတွေကို တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။

ရှေ့တပတ် ခရီးစဉ် အတွင်းမှာတော့ မြန်မာအစိုးရကို နိုင်ငံတကာ အသိုင်းအဝန်းမှာ အကာအကွယ် ပေးနေတယ်လို့ အများက ကျယ်ကျယ်ပြန့်ပြန့် လက်ခံထားတဲ့ တရုတ်နိုင်ငံနဲ့ နိုင်ငံရေး၊ စီးပွားရေး ဆက်ဆံမှုတွေ တိုးမြှင့်ရေး ဆွေးနွေးမယ်လို့လည်း မျှော်လင့်ထားကြတာပါ။

ဒီမတိုင်ခင်မှာတော့ ချစ်ကြည်ရေး ခရီးစဉ်အဖြစ် တရုတ်နိုင်ငံ ဗဟိုစစ်ကော်မရှင်ရဲ့ ဒု-ဥက္ကဋ္ဌ ရွှီ ခိုက်ဟောက် (Xu Caihou) လည်း အရင်တပတ်ထဲ မြန်မာနိုင်ငံကို ရောက်လာပြီး သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံခဲ့ပါတယ်။ မြန်မာအာဏာပိုင်တွေနဲ့ တွေ့ဆုံမှုတွေအတွင်း ၂ နိုင်ငံ အပြန်အလှန် ဆက်ဆံရေးတွေ တိုးမြှင့်သွားဖို့နဲ့ ဖွံ့ဖြိုးရေး လုပ်ငန်းတွေကို ပူးပေါင်း ဆောင်ရွက်သွားဖို့ ဆွေးနွေးခဲ့ကြကြောင်း တရုတ်နိုင်ငံပိုင် ဆင်ဟွာ သတင်းက ဖော်ပြခဲ့တာပါ။

တရုတ်နိုင်ငံ ဗဟိုစစ်ကော်မရှင် ဒု-ဥက္ကဋ္ဌကတော့ အိမ်နီးချင်းကောင်းအဖြစ် နိုင်ငံတကာ အသိုင်းအဝန်းမှာ မြန်မာနိုင်ငံရဲ့ အခွင့်အရေးကို အကာအကွယ် ပေးသွားမယ့်အကြောင်း ပြောဆိုခဲ့တာကိုလည်း သတင်းက ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG