သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ ဦးသိန်းစိန် တရုတ်ခရီးစဉ် စတင်မည်


သမ္မတ ဦးသိန်းစိန် တရုတ်ခရီးစဉ် စတင်မည်
သမ္မတ ဦးသိန်းစိန် တရုတ်ခရီးစဉ် စတင်မည်

မနက်ဖြန် သွားရောက်မယ့် မြန်မာအစိုးရသစ် သမ္မတ ဦးသိန်းစိန်ရဲ့ တရုတ်နိုင်ငံ ချစ်ကြည်ရေး ခရီးစဉ်ဟာ တရုတ်နဲ့ မြန်မာအကြား နီးနီးကပ်ကပ် ရှိနေတယ် ဆိုတာကို ပြည်တွင်းရော နိုင်ငံတကာကိုပါ ပြသလိုတဲ့ ရည်ရွယ်ချက် ရှိပုံရတယ်လို့ လေ့လာသူတွေက ခန့်မှန်းပါတယ်။ ခရီးစဉ်အတွင်းမှာတော့ နှစ်နိုင်ငံ ကုန်သွယ်ရေး၊ စီးပွားရေး ကိစ္စတွေနဲ့ နယ်စပ်တည်ငြိမ်ရေး ကိစ္စတွေကို အလေးပေး ဆွေးနွေးဖွယ် ရှိနေပါတယ်။ အပြည့်အစုံကို စုံစမ်းမေးမြန်းထားတဲ့ ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

သမ္မတ ဦးသိန်းစိန်ရဲ့ အခုခရီးစဉ်ဟာ သမ္မတအဖြစ် ဒုတိယမြောက် ပြည်ပခရီးစဉ် ဖြစ်သလို တရုတ်နိုင်ငံကိုတော့ သမ္မတသစ် အနေနဲ့ ပထမဆုံး သွားရောက်တဲ့ ချစ်ကြည်ရေး ခရီးစဉ် ဖြစ်ပါတယ်။ ပထမဆုံး ပြည်ပခရီးစဉ်ကတော့ အင်ဒိုနီးရှားနိုင်ငံဖြစ်ပြီး အာဆီယံ ထိပ်သီးအစည်းအဝေးကို အဲဒီမှာ တက်ရောက်တာလည်း ဖြစ်ပါတယ်။ သမ္မတသစ်ရဲ့ တရုတ်ခရီးစဉ် မတိုင်ခင်မှာဆိုလည်း အစိုးရသစ် ဖွဲ့ပြီးပြီးချင်း မြန်မာပြည် လာရောက်တဲ့ နိုင်ငံခြား အဆင့်မြင့် ခေါင်းဆောင်ဟာ တရုတ်နိုင်ငံက ဖြစ်ပါတယ်။

ဒါကြောင့် အစိုးရသစ် လက်ထက်မှာလည်း တရုတ်၊ မြန်မာ ဆက်ဆံရေး နီးနီးစပ်စပ် ရှိနေတယ်ဆိုတာ ပြသလိုပုံ ရတယ်လို့ တရုတ်အခြေစိုက် မြန်မာ့အရေး လေ့လာသူ ဒေါက်တာ လှကျော်ဇောက သုံးသပ်ပါတယ်။

“အစိုးရသစ် တက်ရင်တော့ သူက အင်အားကြီးနိုင်ငံ၊ မိတ်ဆွေရင်းနိုင်ငံတွေကို သွားပြီး မိတ်ဆက်ရတာ၊ အစိုးရရဲ့ ပေါ်လစီတွေ ရှင်းပြရတာတွေ ရှိတာပေါ့။ အဲဒါအပြင် သူ့မှာ တခြား ရည်ရွယ်ချက်ကတော့ ပြည်တွင်းက သူ့ကို မကျေမနပ် ဖြစ်နေတဲ့ ပြည်သူလူထုကိုလည်း သူက ပြတာ၊ ငါ့နောက်မှာ တရုတ်ကြီးရှိတယ်၊ ထို့အတူပဲ အနောက်နိုင်ငံက လူတွေကိုလည်း ဒီလိုပဲ သူ့ကို ခပ်ခွာခွာ လုပ်ချင်လုပ်၊ ငါ့မှာတော့ ဒီမှာ အားကိုးရှိတာပဲဆိုပြီး ဖိအားပေးတဲ့ သဘောနဲ့ သူက တရုတ်ကို လုံးပြတာ ပါပါတယ်။”

သမ္မတ ဦးသိန်းစိန်ရဲ့ ခရီးစဉ်အတွင်းမှာ နှစ်နိုင်ငံ ဝန်ကြီးဌာနတွေအကြား ပူးပေါင်းဆောင်ရွက်မယ့် ကိစ္စတွေကို လက်မှတ်ထိုးမှာ ဖြစ်သလို စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ကိစ္စတွေကို အလေးပေး လုပ်ဆောင်မှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး လီဂျန်ဟူး (Li Junhua) က တရုတ်ပိုင် ဆင်ဟွာ သတင်းဌာနကို ပြောခဲ့ပါတယ်။

တရုတ်အနေနဲ့ အခုလို စီးပွားရေးနဲ့ ကုန်သွယ်ရေး ကိစ္စကို အလေးပေး ဆွေးနွေးမှာ ဖြစ်သလို တချိန်တည်းမှာလည်း တရုတ်၊ မြန်မာ နယ်စပ်က တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ မြန်မာအစိုးရ တင်းမာနေတဲ့ ကိစ္စကိုလည်း ဆွေးနွေးနိုင်ချေ ရှိတယ်လို့ ဒေါက်တာ လှကျော်ဇောက ယူဆပါတယ်။

“East Asian Community ဆိုတာ သူက ရအောင် ကြိုးစားနေတဲ့ အချိန်မှာ အဲဒီ ၃ နိုင်ငံနဲ့ Asian + 3 ပေါ့၊ အဲဒီဟာကြီး တခုလုံးကို သူက အာရှဈေးကွက်ကြီး ဖြစ်စေချင်တယ်။ ဗမာတို့၊ လာအိုတို့၊ ကမ္ဘောဒီးယားတို့ ဒီထဲမှာ အဆင်းရဲဆုံး နိုင်ငံတွေကို သူက တတ်နိုင်သမျှ မြှင့်တင်ဖို့ ကြိုးစားနေတယ်၊ သူ့ပေါ်လစီက။”

နယ်စပ်ကိစ္စတွေရော ပါနိုင်လားခင်ဗျ။

“ပါတယ်၊ ဒါကတော့ သေချာတယ်။ ငြိမ်းချမ်းရေး ရယူထားတဲ့ အဖွဲ့တွေ၊ အဲဒီကိစ္စတွေကတော့ သူ့အနီးအနားမှာ အပူကွက် ရှိကို မရှိစေချင်ဘူး။”

တရုတ်နိုင်ငံဟာ အရင် မြန်မာစစ်အစိုးရရော အခုလက်ရှိ အစိုးရသစ်နဲ့ပါ နီးနီးကပ်ကပ် ဆက်ဆံပေမဲ့ မြန်မာအစိုးရအပေါ် အများယူဆသလို၊ အထူးသဖြင့် အနောက်နိုင်ငံက လေ့လာသူအချို့ ယူဆသလို တရုတ်ဟာ မြန်မာအပေါ် သြဇာညောင်းတယ် ဆိုတာကိုတော့ တရုတ်နဲ့ မြန်မာ ဆက်ဆံရေး လေ့လာသူအချို့က လက်မခံပါဘူး။ တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဟောင်း ဖြစ်တဲ့ သခင်ချန်ထွန်းက အရင် စစ်ခေါင်းဆောင်တွေ လက်ထက်ကတည်းက တရုတ်ဘက်ကပြောတိုင်း လိုက်နာတာ မဟုတ်ဘူးလို့ ယူဆပါတယ်။

“တုံးတိုက်တိုက် ကမ်းတိုက်တိုက်ပဲ၊ သိပ်ပြီးတော့ ဂရုစိုက်ချင်တာ မဟုတ်ဘူး။ စစ်ခေါင်းဆောင်တွေက လူထွက်ပြီး အုပ်ချုပ်လာတဲ့အချိန် ဖြစ်လာတယ် အခုက၊ မူလစိတ်ထား၊ မာန်မာနကတော့ ချမယ်လို့ မထင်ဘူး။”

ဒါပေမဲ့လည်း တရုတ်ဘက်ကတော့ မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ဖြစ်လာဖို့ အနောက်နိုင်ငံတွေရဲ့ ချဉ်းကပ်ပုံနဲ့ မတူဘဲ တိုးတိုးတိတ်တိတ် နားချတဲ့ နည်းလမ်းကို သုံးလေ့ရှိတယ်လို့ ဒေါက်တာ လှကျော်ဇောက ပြောပါတယ်။

“အနောက်နိုင်ငံနဲ့ မတူတာက အနောက်နိုင်ငံက မီဒီယာမှာ အရမ်းကာရော အုတ်အောင်သောင်းနင်းတွေ ပြောတာလေ။ တရုတ်က အဲဒီလို မဟုတ်ဘူး၊ တိုးတိုးတိတ်တိတ်ပေါ့ဗျာ။”

သမ္မတသစ် ဦးသိန်းစိန်ရဲ့ သမ္မတ ကျမ်းသစ္စာဆိုပွဲမှာ သူတို့အစိုးရသစ် အနေနဲ့ Clean Government သန့်ရှင်းတဲ့ အစိုးရနဲ့ Good Governance ကောင်းမွန်တဲ့ အုပ်ချုပ်မှုဖြစ်အောင် လုပ်သွားမယ်လို့ ကတိစကား ဆိုခဲ့ပါတယ်။ ဒါကိုက တရုတ်ရဲ့ အငွေ့အသက် မကင်းဘူး၊ တရုတ်အစိုးရ လက်ရှိ ဆောင်ရွက်နေတဲ့ ပုံစံကို နမူနာ ယူချင်တာ ဖြစ်တယ်လို့ လေ့လာသူ အချို့က ယူဆပါတယ်။ တရုတ်အစိုးရဟာ တဘက်မှာ မြန်မာစစ်ခေါင်းဆောင်တွေကို နိုင်ငံတကာမှာ ဝေဖန်ပြစ်တင် ခံရမှုတွေကနေ အကာအကွယ် ပေးသလို တဘက်မှာ အပြောင်းအလဲ ဖြစ်လာစေရေး တိုက်တွန်း ကူညီမှုတွေ ရှိတယ်လို့ ယူဆကြပါတယ်။

တရုတ်သမ္မတ ဟူကျင်တောင်း (Hu Jintao) ရဲ့ ဖိတ်ကြားချက်အရ အခုသွားရောက်မယ့် သမ္မတသစ်ရဲ့ ချစ်ကြည်ရေး ခရီးစဉ်ဟာ မနက်ဖြန်ကစပြီး စနေနေ့မှာ အဆုံးသတ်မှာ ဖြစ်ပါတယ်။ သမ္မတရဲ့ ခရီးစဉ်အတွင်း ပြည်ထောင်စု အစိုးရအဖွဲ့ဝင် ဝန်ကြီး ၁၀ ဦးကျော်နဲ့ မြန်မာ့စီးပွားရေး လုပ်ငန်းရှင် တော်တော်များများ ပါဝင်မယ်လို့ သိရပါတယ်။

XS
SM
MD
LG