တရုတ်နိုင်ငံဟာ ယုံကြည် စိတ်ချရပြီး မြန်မာနိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အလွန်အားထားရတဲ့ အိမ်နီးချင်းကောင်း ဖြစ်တယ်လို့ တရုတ်ဝန်ကြီးချုပ် ၀မ်ကျားဘောင် (Wen Jiabao) နဲ့ တွေ့ဆုံရာမှာ မြန်မာသမ္မတသစ် ဦးသိန်းစိန်က ပြောဆိုလိုက်တယ်လို့ နိုင်ငံပိုင် ရုပ်မြင်သံကြား ဌာနတွေက သတင်းထုတ်ပြန်ကြပါတယ်။
သောကြာနေ့က မြန်မာနဲ့ တရုတ်နိုင်ငံ ခေါင်းဆောင်တွေ တွေ့ဆုံကြရာမှာ အမေရိကန်ဒေါ်လာ ၇၆၅ သန်း တန်ဖိုးရှိတဲ့ ချေးငွေဆိုင်ရာ သဘောတူညီချက်တွေ ရရှိခဲ့ကြပြီး မြန်မာသမ္မတက အခုလို ပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။
တရုတ်နိုင်ငံ စွမ်းအင် လုံခြုံရေးအတွက် အရေးပါတဲ့ မြန်မာနိုင်ငံဘက်ကနေ တရုတ်ပြည် အနောက်တောင်ပိုင်းကို ရေနံနဲ့ သဘာဝဓာတ်ငွေ့ ပိုက်လိုင်း တည်ဆောက်တဲ့ လုပ်ငန်းကို သေချာစေဖို့နဲ့ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးရေး လုပ်ငန်းတွေအတွက် ကူညီဖို့ တရုတ်နိုင်ငံက တတ်အားသမျှ ကူညီချင်ကြောင်း ၀န်ကြီးချုပ် မစ္စတာဝမ်က ပြောဆိုပါတယ်။
တရုတ်နိုင်ငံ ဖွံ့ဖြိုးရေးဘဏ်ဘက်က မြန်မာ ဘဏ္ဍာနဲ့အခွန် ၀န်ကြီးဌာနကို အမေရိကန်ဒေါ်လာ ၇၆၅ သန်းနဲ့ ညီမျှတဲ့ ယူရို သန်း ၅၄၀ ချေးငှားမှု အပါအ၀င် သဘောတူစာချုပ် ၉ ခုကို တရုတ်နဲ့ မြန်မာသမ္မတ ၂ ဦးတို့ လက်မှတ် ရေးထိုးခဲ့ကြတယ်လို့ ဆိုပါတယ်။
ရေအားလျှပ်စစ် စီမံကိန်း အပါအ၀င် နှစ်နိုင်ငံ ၀န်ကြီးဌာနတွေအကြား ငွေချေးငှားမှုဆိုင်ရာ သဘောတူညီမှုတွေလည်း ရခဲ့တယ်လို့ သိရပါတယ်။
တရုတ်သမ္မတ ဟူကျင်တောင်းကလည်း မြန်မာသမ္မတသစ် ဦးသိန်းစိန်ကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုနှုတ်ဆက်ပြီး ရွေးကောက်ပွဲအပြီး သမ္မတသစ်အဖြစ် ရွေးချယ်တင်မြှောက် ခံရမှုကို ချီးကျူး ဂုဏ်ပြုပါတယ်။
ဦးသိန်းစိန်ရဲ့ ခရီးစဉ်ဟာ နှစ်နိုင်ငံကြား နားလည်မှု တိုးမြှင့်ရေးနဲ့ တရုတ်၊ မြန်မာ နှစ်နိုင်ငံကြား ချစ်ခင်ရင်းနှီးမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုမှာ ၂၁ ရာစုနှစ်အတွက် စာမျက်နှာသစ် ဖွင့်လှစ်လိုက်တာ ဖြစ်တယ်လို့လည်း တရုတ်သမ္မတက ပြောဆိုပါတယ်။
နှစ်နိုင်ငံ ကုန်သွယ်ရေးမှာ မနှစ်ကထက် ၅၀% လောက် တိုးတက်လာခဲ့ပြီး တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုဟာ ၂၀၁၀ ခုနှစ်အတွက် မြန်မာနိုင်ငံဘက်မှာ ၁၂.၃ ဘီလီယံ ရှိခဲ့ပြီး သဘာဝဓာတ်ငွေ့နဲ့ စွမ်းအင်လုပ်ငန်းတွေကို အဓိကထား လုပ်ကိုင်နေတာ ဖြစ်တယ်လို့ သိရပါတယ်။
တရုတ်၊ မြန်မာ နှစ်နိုင်ငံ နယ်နိမိတ်ကြားမှာ တည်ငြိမ်မှု ရရှိရေးကို ထိန်းသိမ်းထားဖို့အတွက် ပူးပေါင်း ဆောင်ရွက်ကြဖို့ကိုလည်း တရုတ်သမ္မတ ဟူကျင်တောင်းက ပြောဆိုလိုက်တယ်လို့ သတင်းတွေ ထွက်ပေါ်ပါတယ်။