မြန်မာနိုင်ငံ အစိုးရသစ် တက်လာတဲ့ပြီး မကြာခင်ပဲ ကချင်ပြည်နယ်ထဲကို တရုတ်ကုန်စည်တွေ အလွယ်တကူ တင်သွင်းနေတဲ့ တရုတ်နယ်စပ်အဝင် လဂျားယန်ဂိတ်ကို မြန်မာအစိုးရက အကန့်အသတ်မရှိ တားမြစ် ပိတ်ပင်လိုက်ပါတယ်။ ဈေးသက်သာပြီး အလွယ်တကူ ရနိုင်တဲ့ တရုတ် လူသုံးကုန်တွေကို ရာနှုန်းပြည့်နီးပါး အားထားနေရတဲ့ ကချင်ပြည်နယ်မှာ အခုလို ဂိတ်ကို ပိတ်ပင်လိုက်တဲ့အတွက် ကုန်ဈေးနှုန်းတွေ ထိုးတက်လာပြီး ဒေသခံတွေ အခက်တွေ့နေပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် နူးပန်က တင်ပြပေးထားပါတယ်။
အစိုးရသစ်တက်ပြီး နောက်တရက်မှာ တရုတ်နယ်စပ် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဌာနချုပ် လိုင်ဇာဘက်ကနေ မြစ်ကြီးနားနဲ့ ဗန်းမော် ကုန်အဝင်အထွက် ဂိတ်ဖြစ်တဲ့ လဂျားယန်ဂိတ်ကို ပိတ်လိုက်တာ ဖြစ်တယ်လို့ လဂျားယန် ဒေသခံတယောက်က အခုလို ပြောပါတယ်။
“ဘာမှ ကုန်တင်တာ မရှိတော့ဘူး၊ ဂိတ်တွေလည်း ဘာမှ မရှိတော့ဘူး။ ဘာမှ ဘယ်သူမှ အရင်တုန်းကလို ကားရပ်နားပြီးတော့လည်း မလိုတော့ဘူး။”
အခုလို ပိတ်ထားတဲ့အတွက် မြစ်ကြီးနားမြို့တွင်း တရုတ်ကုန်ပစ္စည်း ရှားပါးမှုတွေကြောင့် ဈေးနှုန်းမြင့်တက်မှုတွေ ဖြစ်နေပြီး ကုန်စုံဆိုင် ပိုင်ရှင်တွေလည်း ကျန်နေတဲ့ ကုန်တွေကိုပဲ ဈေးနှုန်းမြှင့်တင် ရောင်းချနေတယ်လို့ ဝိုင်းမော်မြို့ ကုန်စုံဆိုင်စာရေးက အခုလို ပြောပါတယ်။
“မတတ်နိုင်ဘူးလေ။ လမ်းပိတ်ထားတယ် ဆိုတော့၊ များသောအားဖြင့်တော့ ကုန်ဈေးနှုန်းကတော့ အရင်ဈေးတော့ မဟုတ်ဘူးပေါ့။ ပျမ်းမျှအားဖြင့်တော့ အကုန်လုံးက တက်တယ်လို့ ပြောရမှာပေါ့။ ကျမတို့က နယ်စပ်လည်း ဖြစ်နေတယ်ဆိုတော့၊ ပစ္စည်းတွေ အကုန်လုံးနီးပါးက တရုတ်ပစ္စည်းတွေပဲ ဖြစ်နေတယ် ဆိုတော့လေ။ ဒီပစ္စည်းတွေ မဝင်ဘူး ဆိုရင်တော့ နည်းနည်း အခက်အခဲတော့ ရှိမှာပေါ့။”
ဒီ လဂျားယန်ဂိတ်မှာ အခုလို မပိတ်ခင်က မြန်မာအစိုးရရဲ့ လုံခြုံရေးတပ်ဖွဲ့၊ မူးယစ်နဲ့ လူကုန်ကူးမှု၊ အကောက်ခွန်ဌာနတွေကို ချထားပြီး တနေ့ အနည်းဆုံး ဖြတ်လာတဲ့ ကုန်ကားအစီး ၁၀၀ ကျော်ဆီကနေ စစ်ဆေးပြီး အခွန်ကောက်ခံနေတာ ဖြစ်တယ်လို့ လဂျားယန် ဒေသခံတွေက ပြောပါတယ်။
လဂျားယန်ဂိတ်ဟာ KIO ဌာနချုပ် လိုင်ဇာ တရုတ်နယ်စပ်နဲ့ ၇ မိုင်မှာရှိပြီး လွန်ခဲ့တဲ့နှစ် နိုဝင်ဘာလကတည်းက ပိတ်ပင်မှုတွေ ရှိခဲ့ပေမဲ့ မှောင်ခိုတင်သွင်းမှုတွေ ပြုလုပ်နေဆဲ ဖြစ်တယ်လို့လည်း လိုင်ဇာဒေသခံ တယောက်က အခုလို ပြောပါတယ်။
“အခု ကုန်သည်အကြီးစားတွေရော အသေးစား ကုန်သည်ပေါင်းစုံပေါ့နော်၊ တချို့ကုန်သည် တော်တော်များများက နယ်စပ်က ဝင်လာတဲ့ ကုန်တွေကို မြစ်ကြီးနားဘက်ကို တင်သွင်းတဲ့ အခါမှာ စစ်တပ်က ပိတ်လိုက်တယ်၊ တင်ခွင့်မရှိတော့ဘူး ဆိုတော့ ကုန်သည်တွေ တချို့က မသိဘဲနဲ့ တင်သွားတယ်။ သူတို့ရောက်တဲ့အခါကျမှ ပြန်ခေါက်လာပြီးမှ နဂိုနေရာမှာ ပြန်ချထားတယ်။ အခုဆိုရင် တော်တော်လေး နှောင့်နှေးတာတို့ ရှိတာပေါ့နော်၊ အဆင်မပြေဘူးပေါ့။ ဒေသခံ တော်တော်များများက ကုန်သည်လုပ်စားတာပေါ့ဗျာ။ ကုန်တွေပိတ်ခံရတဲ့ အခါကျတော့ စီးပွားရေး အဆင်မပြေတာတွေ ဖြစ်တာပေါ့နော်၊ အများကြီး ထိခိုက်စေတာပေါ့။”
ကချင်ပြည်နယ်တွင်း စားသောက်ကုန်ကနေ စက်ပစ္စည်း၊ လူသုံးကုန် မျိုးစုံကို တရုတ်ထုတ်တွေပဲ အသုံးပြုနေတာဖြစ်ပြီး အခုလို ပစ္စည်းပြတ်လပ်မှုကြောင့် အခြေခံ စားသောက်ကုန်ကအစ မြင့်တက်နေတဲ့အတွက် အခက်တွေ့နေတယ်လို့ မြစ်ကြီးနား ဒေသခံ အမျိုးသမီးက ပြောပါတယ်။
“အခုတလောပိုင်းကျတော့ ဓာတ်ဆီဈေးတော့ နည်းနည်းတက်လာတယ်။ လိုင်ဇာကနေ ဝယ်တာ ဟုတ်တယ်၊ ၄,၈၀၀ ပေါ့၊ အခုဆို ၅,၀၀၀၊ နောက် ၅,၀၀၀ ကျော်တောင် ဖြစ်မယ်ထင်တယ်။ တက်တက် မတက်တက် သုံးရမယ်ဆိုတော့ လူတွေက ဝယ်ကြတာပါပဲ။”
ကချင်ပြည်နယ်ကို တရုတ်ကုန် တင်သွင်းနေတဲ့ လိုင်ဇာလမ်းနဲ့ လွယ်ဂျေလမ်းကို တရားမဝင် ဂိတ်အဖြစ် ပိတ်ပင်ထားတာဖြစ်ပြီး ဝိုင်းမော်မြို့နယ် ကန်ပိုင်တီလမ်းကို တရားဝင်လမ်းအဖြစ် သတ်မှတ်ထားပါတယ်။
ဒါပေမဲ့ ကုန်သည်တွေက ကန်ပိုင်တီလမ်းဘက်ကို ခရီးဝေးလံပြီး တံတားတွေ ခိုင်မာမှု လုံခြုံစိတ်ချလို့ မရတဲ့အတွက် အစိုးရကို ပြန်လည်ထည့်သွင်း စဉ်းစားပေးဖို့ ယခင်က တောင်းဆိုမှုတွေ ရှိခဲ့တယ်လို့ လိုင်ဇာဒေသခံက ဆိုပါတယ်။
“အရင်တုန်းကကျတော့ ကုန်တွေကို ပိတ်ဖူးတယ်ဗျ။ ဒါပေမဲ့ ရက်အကြာကြီး မပိတ်ဘူး သူတို့။ ပိတ်တဲ့အခါမှာ ဂိတ်ကြေးဆိုတဲ့ သဘောမျိုးကို လာဘ်ထိုးတာပေါ့၊ ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင်။ ပိုက်ဆံတွေကို အဲမှာ ဂိတ်တာဝန်ခံတွေ၊ ဂိတ်စာရေးတွေ၊ ဂိတ်မှာစောင့်တဲ့ လူတွေကို ပိုက်ဆံများများ ပေးလိုက်တဲ့ အခါကျရင် သူတို့က ဒီတခါပဲနော်၊ ဒီတခါပဲရမယ် ဆိုပြီးတော့ လွှတ်လွှတ်ပေးလိုက်တယ်။ ပြီးတော့ ပိုက်ဆံများများပေးရင် လွှတ်ပေးတယ်။ အဲလို ဂိတ်ပိတ်တဲ့ ရက်တွေလည်း မကြာဘူး၊ အဲဒီတုန်းက။ ဆိုတော့ အခု ဒီတခါက ကြာမလား၊ မကြာဘူးလား ဆိုတာကတော့ ကျနော်တို့ မပြောတတ်ပါဘူး။”
မြန်မာအစိုးရသစ်ရဲ့ ဖွဲ့စည်းပုံ အပြောင်းအလဲကြောင့် အခုလို ပိတ်ပင်တယ်လို့ ဆိုပေမဲ့ ဒေသခံတွေက ဂိတ်ပြန်ဖွင့်ဖို့ရက်ကို မျှော်နေကြတယ်လို့လည်း နယ်စပ်ဂိတ် အနီးတဝိုက် ဒေသခံတွေက ပြောပါတယ်။ ကချင်ပြည်နယ်ထွက် ကျောက်စိမ်းနဲ့ သစ်တွေ၊ ဒေသထွက် စားသောက်ကုန်တွေကိုလည်း ဒီလမ်းကနေ တင်သွင်းနေတာ ဖြစ်ပါတယ်။
အခုချိန် ဒီလမ်းကနေ မြန်မာဂိတ်တွေလည်း မရှိတော့ဘဲ ခရီးသည်တွေသာ ခပ်ကြဲကြဲ သွားလာနေတာ တွေ့ရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။