သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနယ်စပ်အရေး တရုတ်ဝန်ကြီးချုပ်ဝေဖန်


ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့ (MNDAA) ကိုးကန့်ဒေသအတွင်း ကင်းလှည့်နေစဉ်။ (မတ် ၁၀၊ ၂၀၁၅)
ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့ (MNDAA) ကိုးကန့်ဒေသအတွင်း ကင်းလှည့်နေစဉ်။ (မတ် ၁၀၊ ၂၀၁၅)

မြန်မာအစိုးရတပ်တွေနဲ့ ဖုန်ကြားရှင်ဦးဆောင်တဲ့ ကိုးကန့်လက်နက်ကိုင်တပ်တို့ကြား တရုတ်နယ်စပ် ကိုးကန့်ဒေသတိုက်ပွဲတွေအတွင်း တရုတ် ဘက်ခြမ်းကို နှစ်ကြိမ်တိုင်တိုင် ဗုံးကျပေါက်ကွဲခဲ့ပြီး တရုတ်အရပ်သားတချို့ သေဆုံးရမှု၊ နောက် တရုတ်ပြည်သူတို့ရဲ့ အိုးအိမ်တွေ ဆုံးရှုံးရတဲ့အပေါ် တရုတ်အစိုးရအနေနဲ့ ကာကွယ်ပေးဖို့တာဝန်ရှိတယ်ဆိုပြီး တရုတ်ဝန်ကြီးချုပ်က ဒီကနေ့မှာပဲ သတင်းထောက်တွေကို ပြောဆိုလိုက်ပါတယ်။ အပြည့်အစုံကို မသိင်္ဂီထိုက်က တင်ပြပေးထားပါတယ်။

တရုတ်နဲ့ မြန်မာနယ်စပ်ဒေသ လုံခြုံတည်ငြိမ်ရေးအတွက် တရုတ်အစိုးရအနေနဲ့ တာဝန်ယူလုပ်ဆောင်နိုင်စွမ်းရှိတယ်လို့ တရုတ်ဝန်ကြီးချုပ် Li Keqiang ၁၂ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီညီလာခံအပြီးမှာ ပြောဆိုလိုက်ပါတယ်။

“အခုဖြစ်ရပ်ဟာ တကယ့်ကို စိတ်ပျက်စရာကောင်းပါတယ်။ တရုတ်-မြန်မာနယ်စပ်ဒေသမှာ နေတဲ့ တရုတ်နိုင်ငံသားအချို့ရဲ့ အသက်အိုးအိမ်တွေ ဆုံးရှုံးခဲ့ရလို့ပါ။ ဒီသေဆုံးခံစားရသူတွေရဲ့ မိသားစုတွေအတွက် အထူးဝမ်းနည်းကြေကွဲရပါတယ်ဆိုတာကို ပထမဆုံးပြောပါရစေ။”

တရုတ် မြန်မာ နယ်စပ် တရုတ်ဘက်ခြမ်းက Lincang မြို့ပေါ်ကို သောကြာနေ့တုန်းက မြန်မာဘက်က လက်နက်ကျည် ကျရောက်ပေါက်ကွဲမှုကြောင့် တရုတ် ဒေသခံ ၄ ဦးသေဆုံးပြီး ၉ ဦးဒဏ်ရာရခဲ့တာပါ။ ဒီတကြိမ်နဲ့ဆိုရင် တရုတ်ပိုက်နက်ထဲကို မြန်မာဘက်က ဗုံးကျရောက်ပေါက်ကွဲတာ ရက်ပိုင်းအတွင်းမှာပဲ ၂ ကြိမ်ရှိသွားပါပြီ။ ဒီလို ဗုံးကျရောက်ပေါက်ကွဲတဲ့အပေါ်မှာလည်း တရုတ်ဘက်က မြန်မာကို စစ်ရေးအရရော သံတမန်ရေးအရပါ ပြောဆိုအသိပေးပြီး ဖြစ်တဲ့အကြောင်းလည်း တရုတ်ဝန်ကြီးချုပ် လီကျန်ကျင်းက ပြောခဲ့ပါတယ်။

“တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကရော တရုတ်စစ်တပ်ကပါ ဒီကိစ္စနဲ့ ပတ်သက်ပြီး မြန်မာဘက်ကို ပြင်းပြင်းထန်ထန်ပြောဆိုထားတယ်ဆိုတာလည်း ပြောပါရစေ။ ၂ နိုင်ငံကြား နယ်စပ်ဒေသ ၂ နိုင်ငံခြား နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် ကျနော်တို့မှာတာဝန်ရှိသလို လုပ်နိုင်စွမ်းလည်း ရှိပါတယ်။ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ရမှာဖြစ်ပါတယ်။”

မြန်မာ့တပ်မတော်နဲ့ ဖုန်ကြားရှင်ခေါင်းဆောင်တဲ့ ကိုးကန့်လက်နက်ကိုင်တပ် MNDAA တို့ကြား တိုက်ပွဲတွေအတွင်း တရုတ်နယ်နိမိတ်အတွင်းကို ဗုံးကျ ပေါက်ကွဲခဲ့တဲ့ ဖြစ်ရပ်နဲ့ပတ်သက်ပြီး တရုတ်ကွန်မြူနစ်ပါတီညီလာခံကို ယူနည်ပြည်နယ် စစ်တပ်ကိုယ်စားလှယ်အဖြစ် တက်ရောက်လာသူ Zhang Guibai က အခုလို မှတ်ချက်ပေး ပြောဆိုပါတယ်။

"တရုတ်မြေပိုင်နက်ထဲမှာ ဗုံးကြဲချတာနဲ့ စစ်လေယာဉ်တွေနဲ့ မမျှော်လင့်ဘဲ ဝင်ရောက်ခဲ့တာဟာ သီးခြားဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်တခုသာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာ နိုင်ငံခြားရေးဌာနနဲ့ ဆက်သွယ်ပြောဆိုမှုတွေကို သတိထားပြီး လုပ်ခဲ့ပါတယ်။ ကာလကြာရှည်စွာတည်ရှိခဲ့တဲ့ တရုတ် မြန်မာ ၂ နှစ်နိုင်ငံရဲ့ မိတ်ဆွေအဖြစ် ရပ်တည်မှုကို ငဲ့ပြီး ၂ နှစ်နိုင်ငံ အစိုးရတွေရော ပြည်သူတွေပါ ဒီပြဿနာကို သင့်တင့်လျောက်ပတ်စွာ ဖြေရှင်းနိုင်မယ်လို့ မျှော်လင့်ပါတယ်။” လို့ သူက ပြောသွားခဲ့တာပါ။

မြန်မာ့တပ်မတော်က ကိုးကန့်လက်နက်ကိုင်တပ်တို့အပေါ် တိုက်ခိုက်နေမှုအပေါ်မှာလည်း တရုတ်ပြည်သူတွေကြားမှာ စိုးရိမ်မှုတွေ အတော်လေး ရှိနေတာ ဖြစ်ပါတယ်။ မြန်မာဘက်ကကတော့ တရုတ်ဘက်ကို ကျရောက်ပေါက်ကွဲခဲ့တဲ့ဗုံးဟာ မြန်မာ့တပ်မတော် တိုက်လေယာဉ်ကနေ ကျဲချခဲ့တာ မဟုတ်ဘူးဆိုပြီး မနေ့တုန်းကပဲ သမ္မတရုံးရဲ့ညွှန်ကြားရေးမှူး ဦးဇော်ဌေး ငြင်းဆိုထားပါတယ်။ လနဲ့ချီကြာလာပြီဖြစ်တဲ့ ကိုးကန့်ဒေသစစ်ပွဲတွေကြောင့် ထောင်ပေါင်းများစွာသောပြည်သူတွေဟာ စစ်ပြေးစစ်ရှောင်တွေအဖြစ် တိမ်းရှောင်နေကြရသလို သေဆုံးသူတွေလည်း အတော်များများ ရှိခဲ့ပြီဖြစ်ပါတယ်ရှင်။

XS
SM
MD
LG