မြန်မာနိုင်ငံနဲ့နယ်စပ် ယူနန်ပြည်နယ် အနောက်တောင်ပိုင်းမှာ မြေငလျင်ဒဏ်ကြောင့် အိမ်တွေနဲ့ အဆောက်အဦးတွေ ရာချီ ပြိုကျခဲ့ပြီး လူအနည်းဆုံး ၂၄ ယောက် သေဆုံးခဲ့တယ်လို့ တရုတ်အာဏာပိုင်တွေက ပြောကြားပါတယ်။
ယင်ကျန်းခရိုင်မှာ ကြာသပတေးနေ့ နေ့လယ်က ငလျင်လှုပ်ခဲ့ပြီးတဲ့နောက် လူပေါင်း ၂၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြတယ်လို့ နိုင်ငံတော်ပိုင် မီဒီယာတွေက ပြောပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံဘက်မှာ ထိခိုက်မှု ရှိ မရှိကိုတော့ သတင်းတွေ မရရှိသေးပါဘူး။
အပျက်အစီးတွေထဲကနေ အသက်ရှင် ကျန်ရစ်သူတွေကို ကယ်ဆယ်ရေး လုပ်သားတွေနဲ့ ရဲတွေက ကယ်တင်နေကြတာကို ဓာတ်ပုံတွေထဲမှာ တွေ့ရပါတယ်။ ကုန်တိုက်ကြီးနဲ့ ဟိုတယ်တခုမှာ ဒဏ်ရာရသူတွေကို စောင်တွေပေါ်မှာ အစီအရီ ထားရှိထားတာကိုလည်း ဗွီဒီယိုတွေထဲမှာ တွေ့ရပါတယ်။
ပြင်းအား ၅.၄ ရှိပြီး ယူနန်ပြည်နယ် ဒါလီမြို့တော်ရဲ့ အနောက်တောင်ဘက် ကီလို ၂၅၀ အကွာကို ဗဟိုပြုပြီး ငလျင်လှုပ်ခဲ့တာ ဖြစ်တယ်လို့ အမေရိကန် ဘူမိလေ့လာရေးဌာနက ဆိုပါတယ်။