သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငွေလဲနှုန်းကြောင့် တရုတ်နယ်စပ်ကုန်သွယ်ရေး မြန်မာကုန်သည်တွေအခက်ကြုံ


တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး (AFP)
တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး (AFP)

[[ZAWGYI]]


တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးမှာ အမေရိကန်ဒေါ်လာကို ပြန်သုံးရမယ်လို့ မြန်မာကုန်သွယ်ရေးဦးစီးဌာနက ဇူလိုင်လအစောပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမယ့်လည်း မြန်မာဘက်ကရောင်းတဲ့ ကုန်တွေကို တရုတ်ဘက်က ယွမ်ငွေနဲ့ပဲပေးချေမယ်လို့ ပြန်ပြီးတုံ့ပြန်ထားတာကြောင့်၊ ယွမ်ငွေကနေ ဒေါ်လာ ပြန်လဲဖို့ မြန်မာကုန်သည်တွေ အခက်ကြုံနေကြပါတယ်။ ဒီသတင်း ရန်ကုန်ကပေးပို့ထားတာကို ကိုငြိမ်းချမ်းပြောပြမှာပါ။

မူဆယ်-နမ့်ခမ်း နယ်စပ်ကုန်သွယ်ရေးမှာ တရုတ်ယွမ်ငွေအစား အမေရိကန်ဒေါ်လာကိုပဲ ပြန်ပြီးအသုံးပြုရမယ်လို့ မြန်မာကုန်သွယ်ရေးဦးစီးဌာနက ဇူလိုင်၄ရက်မှာ ညွှန်ကြားလိုက်ပေမဲ့ တရုတ်ကုန်သည်တွေကတော့ အမေရိကန်ဒေါ်လာနဲ့ အရောင်းအဝယ်လုပ်ဖို့ ငြင်းဆိုပါတယ်။

တရုတ်နိုင်ငံခြားငွေ ကြီးကြပ်ရေးကော်မတီက ဒေါ်လာနဲ့ပတ်သက်ပြီး တင်းကျပ်တဲ့စည်းကမ်းတွေ ချမှတ်ထားတဲ့အတွက် ဒေါ်လာနဲ့ကုန်သွယ်ဖို့ မဖြစ်နိုင်ဘူးလို့ တရုတ်ကုန်သည်တွေ တုံ့ပြန်လိုက်တာပါ။ ဒါကြောင့် တရုတ်ဆီက ယွမ်ငွေကိုယူပြီး ပြည်တွင်းဘဏ်မှာ မဖြစ်မနေပြန်သွင်းရမယ့် ဒေါ်လာကိုတော့ ဈေးကွက်ပေါက်ဈေးအတိုင်း ပြန်ဝယ်နေရတယ်လို့ မူဆယ်က ပဲကုန်သည်အသင်း တာဝန်ရှိသူတဦးက ဗွီအိုအေကို ပြောပါတယ်။

" ကျမတို့က သူတို့တရုတ်ကိုလှမ်းမေးတယ် အဲဒါဆို ငါတို့ကတော့ ဒေါ်လာနဲ့လုပ်ရတော့မယ်ဆိုတော့ နင်တို့ငါတို့ကို ဒေါ်လာပေးမလားပေါ့နော် ကုန်ရောင်းရတဲ့ငွေပေါ့နော်။ ကျမတို့ ဗမာအစိုးရက ဘဏ်ထဲကိုယွမ်ငွေမထည့်ရတော့ဘူး ဒေါ်လာပေးရမယ်ဆိုတော့ အဲဒေါ်လာကို တရုတ်ကမပေးနိုင်ဘူး၊ ကျမတို့ဆီက ပစ္စည်းဝယ်တဲ့တရုတ်ကြီးက မပေးနိုင်ဘူးဆိုတဲ့အခါကျတော့ ကျမတို့ကကြားကနေ ဒေါ်လာကိုလိုက်ရှာရပြီလေ။ စဉ်းစားကြည့်ပါဦး ကျမတို့ကဒေါ်လာဘယ်နား သွားရမလဲ၊ ယွမ်နဲ့အရောင်းအဝယ်လုပ်တဲ့ အပေါက်လေ။ ကျမတို့က အောက်လမ်းနည်းနဲ့ရှာရတာ လက်ရှိက။"

လိုအပ်ချက်ကြောင့် ဒေါ်လာဝယ်သူများနေတဲ့အတွက် ဒေါ်လာဈေးတွေ ဆက်ပြီးတက်နေတာလို့ သူကပြောပါတယ်။

လက်ရှိမှာလည်း ပြည်တွင်းဘဏ်တွေ၊ ငွေလဲကောင်တာတွေမှာ ဒေါ်လာကို ဝယ်ယူလို့မရပါဘူး။ အပြင်ပေါက်ဈေးနဲ့ ဗဟိုဘဏ်သတ်မှတ်ဈေးက ကွာပြန်တော့၊ အပြင်မှာ ဒေါ်လာဝယ် ဘဏ်ကို ပြန်သွင်းရင် ထပ်ပြီး နစ်နာပြန်တယ်လို့ မူဆယ်က ကုန်သည်တဦးက ပြောပါတယ်။

" ငွေကွာဟချက်က တအားများသွားပြီ၊ အပြင်မှာ ဒေါ်လာ ၂,၄၀၀ပေါက်တယ်၊ ဒီနေ့ဗဟိုဘဏ်ကနေ ရောင်းလို့ရတဲ့ပိုက်ဆံတွေကို ၁၈၅၀နဲ့ပဲ လဲပေးမှာ၊ ဘယ်လိုလုပ်အဆင်ပြေမှာလဲ။ ကုန်သည်တွေ ထိခိုက်နစ်နာဆုံးရှုံးပါတယ်တို့၊ အဆင်မပြေပါဘူးတို့ပြောရင် သူတို့ကလုံးဝလက်မခံဘူး အရေးယူမယ်ဘာညာတောင် လုပ်ခိုင်းတာ။"

ပဲမျိုးစုံ၊ ပြောင်းနှမ်း၊ မြေပဲနဲ့ ဆီထွက်သီးနှံတွေကို နယ်စပ်ကနေ တင်ပို့မယ်ဆိုရင် ပို့ကုန်ဝင်ငွေရရှိထားတယ်ဆိုတဲ့ ဘဏ်ကထုတ်ပေးတဲ့ အထောက်အထားကို ကုန်သည်တွေကအရင်ဆုံး တင်ပြပေးရမယ်လို့ အကောက်ခွန်ဦးစီးဌာနက ဇူလိုင် ၁၃ရက်မှာ ထုတ်ပြန်ထားပါတယ်။ အဲဒီလိုတင်ပြနိုင်တဲ့ ကုန်သည်တွေကိုပဲ ထုတ်ကုန်ကြေညာလွှာ (Export Declaration) ဖွင့်လှစ်တဲ့ကိစ္စတွေ ဆက်လုပ်ပေးမယ်လို့ ဒီထုတ်ပြန်ချက်မှာ ရေးသားထားတာပါ။ ဒီညွှန်ကြားချက်ကြောင့် မဖြစ်မနေ ဒေါ်လာငွေဝယ်ယူပြီး ပို့ကုန်ဝင်ငွေအဖြစ် ဘဏ်သွင်းရတာကြောင့် ကုန်သွယ်ရေးမှာ အခက်အခဲတွေ အများကြီးကြုံလာရတယ်လို့ ပဲကုန်သည်အသင်း တာဝန်ရှိသူတဦးက ပြောပါတယ်။

"ဒေါ်လာရှားတဲ့အခါကြတော့ အသဲအသန်ဒေါ်လာ၊ ကုန်သွယ်ရေးလိုငွေပြချက်က ဒေါ်လာဆိုတဲ့အခါကျတော့ ဒေါ်လာက အများကြီးဝယ်ရပြီလေ။ ကုန်သွယ်ရေးကရပ်တော့မှာ လုံးဝလှုပ်လို့မရတော့ဘူးလေ ကျမတို့။"

အမေရိကန်ဒေါ်လာအသုံးပြုတဲ့ ပုံမှန်ကုန်သွယ်ရေးနည်းလမ်းကိုပဲ ပို့ကုန်လိုင်စင်ကိုခွင့်ပြုပေးမယ်လို့ နယ်စပ်ကုန်သည်တွေကို စီးပွားကူးသန်းဌာနက အကြောင်းကြားထားပါတယ်။ တရုတ်ယူနန်ပြည်နယ် အစိုးရက မြန်မာနဲ့နယ်စပ်ကုန်သွယ်ရေးမှာ ဖြေလျှော့မှုတွေ စပြီးလုပ်လာပေမဲ့ ပြည်တွင်းကမူဝါဒတချို့ကြောင့် ကုန်သွယ်ရေးအခက်အခဲတွေဆက်ရှိနေဦးမယ်လို့ ကုန်သည်တွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

[[UNICODE]]











#MyanmarBusiness #VOABurmese #နယ်စပ်ကုန်သွယ်ရေး #စီးပွားရေး #တရုတ်-မြန်မာနယ်စပ် #မူဆယ် #နမ့်ခမ်း

XS
SM
MD
LG