သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး တရုတ်က ဖိအားပေး ပြောဆိုဖို့ လူ့အခွင့်အရေးအဖွဲ့ တိုက်တွန်း


မြန်မာနိုင်ငံ လာမယ့် ရက်ပိုင်းအတွင်း သွားရောက်မယ့် တရုတ်ဝန်ကြီးချုပ် ဝမ်ကျားဘောင် (Wen Jiabao) အနေနဲ့ မြန်မာနိုင်ငံမှာ လုပ်မယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ အပြုသဘော ဝေဖန်တာမျိုး လုပ်သင့်တယ်လို့ လူ့အခွင့်အရေးအဖွဲ့ တခုက တိုက်တွန်းပါတယ်။ မြန်မာနိုင်ငံနဲ့ ရေရှည် ဆက်ဆံသွားဖို့ဆိုရင် တရုတ်ရဲ့ ကိုယ်ကျိုးကြည့် ဝါဒကိုလည်း ပြန်လည် ဆန်းစစ်စေချင်တယ်လို့ လူ့အခွင့်အရေး အခြေအနေတွေကို စောင့်ကြည့်လေ့လာ မှတ်တမ်းတင်နေတဲ့ အမေရိကန် အခြေစိုက် Human Rights Watch အဖွဲ့က တိုက်တွန်းခဲ့ပါတယ်။ အပြည့်အစုံကို ဆက်သွယ် မေးမြန်းထားတဲ့ ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

လာမယ့် ဇွန်လ ၂ ရက် မြန်မာနိုင်ငံကို အလည်အပတ် ရောက်ရှိမယ့် တရုတ်ဝန်ကြီးချုပ် ဝမ်ကျားဘောင် ခရီးစဉ် အတွင်းမှာ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်လာစေရေး အပြုသဘော ဝေဖန်ဆွေးနွေးဖို့ HRW လူ့အခွင့်အရေး အဖွဲ့ကြီးက မစ္စတာဝမ်ကို စာရေးသား ပေးပို့ မေတ္တာရပ်ခံခဲ့ပါတယ်။ အဓိက အချက်ကတော့ မြန်မာ့ အိမ်နီးချင်းလည်းဖြစ်၊ ကမ္ဘာမှာ သြဇာအာဏာကြီးတဲ့ တရုတ်အနေနဲ့ ကမ္ဘာ့အရေးတွေနဲ့ ပတ်သက်လို့ တာဝန်ယူလိုစိတ် ရှိအောင် တိုက်တွန်းတာ ဖြစ်တယ်လို့ HRW ရဲ့ မြန်မာ့အရေး သုတေသီ ဒေ့ဗ် မက်သီစန် (Dave Mathieson) က ဗွီအိုအေကို ရှင်းပြပါတယ်။

“မြန်မာနိုင်ငံ စစ်အစိုးရ အနေနဲ့ လူ့အခွင့်အရေး အခြေအနေတွေကို လေးစား လိုက်နာလာအောင် ပြောဖို့ဆိုဖို့ရာ တရုတ်က အရေးပါတဲ့ နေရာမှာ ရှိပါတယ်။ တရုတ်နိုင်ငံ အနေနဲ့ ကမ္ဘာမှာ သြဇာအာဏာကြီးနိုင်ငံ ဖြစ်တာနဲ့အညီ ကမ္ဘာကြီးအပေါ် တာဝန်သိစိတ် ရှိစေချင်ပါတယ်။”

အထူးသဖြင့် လာမယ့် ရွေးကောက်ပွဲဟာ နိုင်ငံရေး အကျဉ်းသားတွေကို ဆက်လက်ဖမ်းဆီး၊ အတိုက်အခံကို ဖယ်ထုတ်ပြီး တဖက်သတ် လုပ်နေတာကြောင့် ဒါဟာ မြန်မာ့နိုင်ငံရေးရဲ့ တိုးတက်မှုလို့ HRW က မယူဆပါဘူး။ ဒါကြောင့် မြန်မာနိုင်ငံနဲ့ အရင်းနှီးဆုံး ဖြစ်နေတဲ့ တရုတ်အစိုးရ အနေနဲ့ ၂၀၁၀ ရွေးကောက်ပွဲ အပေါ်မှာ ထောက်ခံ အားပေးသလို မလုပ်သင့်ဘူးလို့ Dave က မြင်ပါတယ်။

“တရုတ်အနေနဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ အနည်းငယ် အပြုသဘော ဝေဖန်တာမျိုး လုပ်သင့်တယ် ထင်ပါတယ်။ ဒီရွေးကောက်ပွဲမှာ သူတို့ အာဏာ ပိုတည်မြဲဖို့အတွက် လုပ်တယ်ဆိုရင်တော့ ဒါဟာ တိုးတက်တဲ့ လက္ခဏာ မဟုတ်ဘူးဆိုတာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ အခြားခေါင်းဆောင်တွေကို ရှင်းရှင်းလင်းလင်း သဘောထား တခုတော့ ပြောသင့်ပါတယ်။ အတိုက်အခံတွေကို လွတ်လပ်ခွင့် ပေးမှသာ ဒါဟာ ယုံကြည်လို့ရတဲ့ ရွေးကောက်ပွဲ ဖြစ်လာပါလိမ့်မယ်။”

ဒါပေမဲ့ တရုတ်နိုင်ငံ ကိုယ်တိုင်ဟာ တပါတီ အာဏာရှင်စနစ်နဲ့ သွားနေတဲ့ နိုင်ငံရေးစနစ် ဖြစ်ပါတယ်။ လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သက်လို့လည်း တရုတ်နိုင်ငံ ကိုယ်တိုင် ကမ္ဘာမှာ အဝေဖန်ခံနေရတာပါ။ တရုတ်အနေနဲ့က ဒီမိုကရေစီ လူ့အခွင့်အရေးထက် တည်ငြိမ်မှု၊ စီးပွား ဖွံ့ဖြိုးတိုးတက်မှုကို ပိုအလေးထားပါတယ်။ ဒါပေမဲ့လည်း အိမ်နီးချင်း မြန်မာနိုင်ငံမှာ တည်ငြိမ်မှု အားနည်းရင် ရေရှည် တရုတ်နိုင်ငံ အကျိုးစီးပွား အတွက်ပါ အန္တရာယ်ရှိတယ်လို့ ဒေ့ဗ်က ပြောပါတယ်။

“တရုတ်နိုင်ငံ အနေနဲ့က မြန်မာလူထု အကျိုးစီးပွားထက် သူ့တိုင်းပြည် လူထု အကျိုးစီးပွားကို ဦးစားပေးတယ်ဆိုတာ နှစ်ပေါင်းများစွာ အထောက်အထား အတွေ့အကြုံတွေ ရှိပါတယ်။ အခြားကိစ္စ အကျိုးစီးပွားတွေထက် ကုန်သွယ်ရေးကိစ္စကို ပိုပြီး ရှေ့တန်းတင်ပါတယ်။ အခုလို ကိုယ်ကျိုးစီးပွား တခုတည်းနဲ့ ရင်းနှီးမြှုပ်နှံတာဟာ နှစ်ရှည်ကြာလာရင် တန်ပြန်ဆိုးကျိုး ကြုံလာရနိုင်တယ်လို့ ကျနော်တို့ သတိပေးချင်ပါတယ်။ မြန်မာနိုင်ငံမှာ ရေရှည် ဖွံ့ဖြိုးတိုးတက်လာမယ်၊ ပြောရရင်တော့ နိုင်ငံရေးစနစ် အပြောင်းအလဲတွေ ရှိလာမယ်၊ လူ့အခွင့်အရေးကို လေးစားလိုက်နာလာမယ် ဆိုရင် မြန်မာလူထုအတွက်တင် မဟုတ်ဘဲ အိမ်နီးချင်းနိုင်ငံ အတွက်ပါ ရေရှည်မှာ အကျိုးရှိစေပါတယ်။ ဒါကြောင့် တရုတ်နိုင်ငံရဲ့ ကိုယ်ကျိုးကြည့် ဝါဒကို ပြန်စဉ်းစားစေချင်ပါတယ်။”

တရုတ်နိုင်ငံ အနေနဲ့ မြန်မာ့နိုင်ငံရေး အပြောင်းအလဲအတွက် အခြား အင်အားကြီး နိုင်ငံတွေ၊ ဒေသတွင်း နိုင်ငံတွေ၊ ကမ္ဘာ့နိုင်ငံတွေနဲ့ ပူးပေါင်း ဆောင်ရွက်သင့်တယ်၊ အထူးသဖြင့်တော့ မြန်မာအစိုးရနဲ့ နီးနီးကပ်ကပ် ဆက်ဆံမှု ရထားတဲ့ အခွင့်အလမ်းယူပြီး သံတမန်ရေး နည်းအရ နားချ ဖျောင်းဖျသင့်တယ်လို့ HRW က ယူဆပါတယ်။

ဒါပေမဲ့လည်း မြန်မာစစ်အစိုးရအပေါ် အခြားနိုင်ငံတွေထက် တရုတ်က သြဇာပိုညောင်းတယ် ဆိုပေမဲ့ မြန်မာစစ်အစိုးရဟာ တရုတ်ပြောတိုင်း နာခံသူ မဟုတ်ဘူးလို့လည်း ဒေ့ဗ်က ပြောပါတယ်။ အဓိကကတော့ မြန်မာအစိုးရဟာ အိမ်နီးချင်း နိုင်ငံကြီးတွေဖြစ်တဲ့ တရုတ်နဲ့ အိန္ဒိယ အကြားမှာ လိုသလို အသုံးချ ကစားနေတာတွေ ရှိတယ်လို့ သူက မြင်ပါတယ်။

အခု တရုတ်ဝန်ကြီးချုပ် ဝမ်ကျားဘောင်ရဲ့ နှစ်ရက်တာ ခရီးစဉ် အတွင်းမှာတော့ နှစ်နိုင်ငံ စီးပွားရေး၊ ကုန်သွယ်ရေး ကိစ္စတွေကို အလေးပေး ဆွေးနွေးပြီး သဘောတူစာချုပ်တွေ ချုပ်ဆိုဖွယ် ရှိပါတယ်။ ဒီခရီးစဉ်ကို ဧပြီလအတွင်းက စီစဉ်ခဲ့ပေမဲ့ တရုတ်အနောက်မြောက်ပိုင်း ငလျင်ကြောင့် ရွှေ့ဆိုင်းခဲ့တာပါ။ မြန်မာနိုင်ငံကို ဒီမတိုင်ခင် လာရောက်ခဲ့တဲ့ တရုတ်ဘက်က အဆင်ြ့မင့် ခေါင်းဆောင်ကတော့ ဒု-သမ္မတ ရှီကျင့်ဖျင် (Xi Jinping) ဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ် ဒီဇင်ဘာလအတွင်း ရောက်ခဲ့ပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ကိုယ်တိုင် လက်ခံ တွေ့ဆုံခဲ့ပါတယ်။

XS
SM
MD
LG