သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျောက်ဖြူ-ကူမင်း ပိုက်လိုင်း ရှေ့နှစ် အစမ်းလည်ပတ်မည်


ကျောက်ဖြူ-ကူမင်း ပိုက်လိုင်း ရှေ့နှစ် အစမ်းလည်ပတ်မည်
ကျောက်ဖြူ-ကူမင်း ပိုက်လိုင်း ရှေ့နှစ် အစမ်းလည်ပတ်မည်

မြန်မာနိုင်ငံ အနောက်ဘက်ကနေ တရုတ်နိုင်ငံအထိ သွယ်တန်း ဖောက်လုပ်နေတဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ စီမံကိန်းကို ရှေ့နှစ်မှာ စတင်စမ်းသပ် လည်ပတ်နိုင်တော့မယ်လို့ တရုတ် ဆောက်လုပ်ရေးလုပ်ငန်း တာဝန်ရှိသူတွေက ပြောလိုက်ပါတယ်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ထဲအထိ ရေနံနဲ့ သဘာဝဓာတ်ငွေ့ တင်ပို့သွားမယ့် စီမံကိန်းဟာ အခုအခါ အတော်ခရီးပေါက်နေပြီလို့လည်း တရုတ်နိုင်ငံပိုင် ရုပ်မြင်သံကြားမှာ ပြသသွားတာပါ။ ဒီအကြောင်း ရိုက်တာစ် သတင်းဌာနရဲ့ သတင်းပေးပို့ချက်နဲ့အတူ ကိုအောင်လွင်ဦးက အပြည့်အစုံ တင်ပြထားပါတယ်။

ရှေ့နှစ် ၂၀၁၃ ဒုတိယ နှစ်ဝက်မှာ လုပ်ငန်းတွေ အစမ်းသဘော စတင်လည်ပတ်ဖို့ စီစဉ်ထားတဲ့အတိုင်း အချိန်မီ ပြီးစီးအောင် တက်သုတ်ရိုက် တည်ဆောက်နေတယ်လို့ စီမံကိန်းကို အကောင်အထည် ဖော်နေတဲ့ တရုတ်အမျိုးသား ရေနံကော်ပိုရေးရှင်း (CNPC) ရဲ့ လက်အောက်ခံ အရှေ့တောင်အာရှ ပိုက်လိုင်းကုမ္ပဏီက ပြောပါတယ်။ မြန်မာနိုင်ငံတွင်းကနေ တည်ဆောက်ရေး လုပ်ငန်းတွေကို ၂၀၁၀ ပြည့်နှစ် ဇွန်လမှာ စတင်ခဲ့တာဖြစ်ပြီး အခုဆိုရင် မိုင် ၁၉၀ နီးပါး ဆောက်လုပ် ပြီးစီးသွားပြီလို့လည်း တာဝန်ရှိသူတွေက ပြောတဲ့အကြောင်း နိုင်ငံပိုင် တရုတ် ဗဟိုရုပ်မြင်သံကြား (CCTV) က ပြသသွားတာပါ။ မြန်မာနိုင်ငံ အနောက်ဘက်ခြမ်းက ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မဒေးကျွန်းကနေ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရွှေလီမြို့အထိ ရေနံစိမ်းနဲ့ သဘာဝဓာတ်ငွေ့တွေကို တင်ပို့သွားမယ့် ဒီစီမံကိန်းဟာ တရုတ်နိုင်ငံအတွက် စတုတ္ထမြောက် အကြီးဆုံး စွမ်းအင်တင်ပို့ရာ လမ်းကြောင်းတစ်ခု ဖြစ်ပါတယ်။ ဒါပေမဲ့လည်း စီမံကိန်း စတင်ချိန်ကစလို့ ဒေသခံတွေနဲ့ ပတ်ဝန်းကျင် ထိခိုက်မှုတွေ ဖြစ်ရတယ်ဆိုပြီး သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားသူ အုပ်စုတွေက ဝေဖန်ကန့်ကွက်သံတွေလည်း ထွက်ပေါ်ခဲ့တာပါ။ စီမံကိန်း အကောင်အထည် ဖော်နေတဲ့ အရှေ့တောင်အာရှ ပိုက်လိုင်း ကုမ္ပဏီရဲ့ ဘေးကင်းလုံခြုံရေး ကြီးကြပ်စစ်ဆေးသူ အရာရှိဖြစ်တဲ့ Yang Zhengxia ကတော့ ဆောက်လုပ်ရေး လုပ်ငန်းတွေအတွင်း ပတ်ဝန်းကျင် မထိခိုက်ရလေအောင် စနစ်တကျ ဆောင်ရွက်နေတဲ့အကြောင်း ပြောပါတယ်။

“နေ့စဉ်နေ့တိုင်း အလုပ်သိမ်းချိန်မှာ ဆောက်လုပ်ရေး လုပ်ငန်းက အမှိုက်တွေကို ရှင်းလင်းတဲ့ အလုပ်သမားတွေ ရှိပါတယ်။ ဒီအမှိုက်တွေကို စနစ်တကျ စွန့်ပစ်ဖို့ အတွက်လည်း မန္တလေးမြို့အထိ ပို့ပါတယ်။” လို့ တရုတ်ဘာသာနဲ့ ရှင်းပြသွားတာပါ။

စီမံကိန်းအစ ဆိပ်ကမ်း တည်ဆောက်ရာမှာ စတုရန်းပေ ၁ သောင်း လောက်ရှိတဲ့ မြက်ခင်းတွေ စိုက်ပျိုးခဲ့တာမို့ ရေနဲ့မြေဆီလွှာ ထိန်းသိမ်းရာမှာ အထောက်အကူ ဖြစ်စေတဲ့အကြောင်းလည်း ကုမ္ပဏီက ပြောပါတယ်။ ဒီလိုပဲ ဂေဟဗေဒ စနစ်ကို မထိခိုက်ရလေအောင် မြစ်တွေနဲ့ ရေကြောင်းတွေကို ရှောင်ရှား တည်ဆောက်ထားတယ်လို့လည်း ဆိုပါတယ်။ ဆောက်လုပ်ရေး လုပ်ငန်းတွေ လုပ်နေတဲ့ Beijing Xingyou Engineering Project Management ကုမ္ပဏီရဲ့ စီမံကိန်းမန်နေဂျာ Wan Long ကတော့ လုပ်ငန်းခွင်အတွင်း ပတ်ဝန်းကျင် မထိခိုက်အောင် အလေးထား ဆောင်ရွက်နေတယ်လို့ တရုတ်အစိုးရပိုင် CCTV မှာ ပြောသွားခဲ့တာပါ။

“၁၂ မိုင်ကျော်ရှိတဲ့ ဒီအပိုင်းတစ်ခုတည်းမှာပဲ ဂဟေချောင်း ၂ ထောင်ကျော်ကို သုံးပြီး ကျနော်တို့ ဂဟေဆော်ခဲ့တာပါ။ ဒါပေမဲ့လည်း လုပ်ငန်းခွင်က အမှိုက်ဆိုလို့ ဒီနေရာမှာ တစ်ခုမှ မကျန်ခဲ့ပါဘူး။” လို့ တရုတ်ဘာသာနဲ့ ပြောသွားတာပါ။

မိုင်ပေါင်း ၁,၅၀၀ နီးပါး ရှည်လျားတဲ့ ရေနံပိုက်လိုင်းဟာ မြန်မာနိုင်ငံတွင်းမှာ မိုင်ပေါင်း ၄၈၀ နီးပါး ဖြတ်သန်းသွားမှာ ဖြစ်သလို မိုင်ပေါင်း ၁,၆၀၀ လောက် ရှည်လျားမယ့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းကတော့ မြန်မာနိုင်ငံဘက်မှာ မိုင် ၅၀၀ လောက် ဖြတ်သန်းမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံက သဘာဝဓာတ်ငွေ့ ကုဗမီတာ ၁၂ ဘီလီယံနဲ့ အရှေ့အလယ်ပိုင်းနဲ့ အာဖရိကတိုက်က ရေနံစိမ်းတန်ချိန် ၂၂ သန်းအထိ ကျောက်ဖြူဆိပ်ကမ်းကတဆင့် နှစ်စဉ် တင်ပို့သွားဖို့ ရည်ရွယ်ထားတဲ့ ပိုက်လိုင်းတည်ဆောက်ရေး လုပ်ငန်းတွေ ပြီးစီးတဲ့ အခါကျရင်တော့ စီမံကိန်းကို ပုံစံထုတ်ခဲ့တဲ့ တရုတ်အစိုးရပိုင် CNPC ကုမ္ပဏီက တာဝန်ယူ လည်ပတ်သွားမှာပါ။ ဒီအတွက် စီမံကိန်းကနေ ဒေသခံတွေ အကျိုးမခံစားရတဲ့အပြင် မြေယာတွေ ဆုံးရှုံးရတာ၊ အဓမ္မ ရွှေ့ပြောင်းခံရတာ၊ အတင်းအကျပ် အလုပ်စေခိုင်း ခံရတာတွေလို လူ့အခွင့်အရေး ချိုးဖောက်မှုတွေကိုသာ သယ်လာခဲ့တယ်လို့လည်း စီမံကိန်းကို စောင့်ကြည့် အကဲခတ်နေတဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့တစ်ခုဖြစ်တဲ့ ရွှေသဘာဝဓာတ်ငွေ့ လှုပ်ရှားမှုအဖွဲ့က ပြောဆိုထားတာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG