သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်နဲ့ ငြိမ်းချမ်းရေး အမြန်ရယူဖို့ တရုတ် တိုက်တွန်း


တရုတ်နိုင်ငံတော် ကောင်စီဝင် Yang Jiechi နဲ့ သမ္မတ ဦးသိန်းစိန် နေပြည်တော်မှာ တွေ့ဆုံစဉ် (၂၅ ဇွန် ၂၀၁၃)
တရုတ်နိုင်ငံတော် ကောင်စီဝင် Yang Jiechi နဲ့ သမ္မတ ဦးသိန်းစိန် နေပြည်တော်မှာ တွေ့ဆုံစဉ် (၂၅ ဇွန် ၂၀၁၃)
တရုတ်နဲ့မြန်မာအကြား လက်တွေ့ကျတဲ့ ပူးပေါင်းဆောင်ရွက်မှု ဆိုတာဟာ နှစ်နိုင်ငံအကြား အဓိကကျတဲ့ စီမံကိန်းကြီးတွေကို ဘယ်လိုမျိုး ချောချောမောမော အကောင်အထည်ဖော်နိုင်ရေး သေချာအောင် လုပ်ကြမလဲဆိုတာပဲ ဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသံရုံး တာဝန်ရှိသူတစ်ဦးက ပြောလိုက်ပါတယ်။

တရုတ်နိုင်ငံတော်ကောင်စီဝင်ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း မြစ်ဆုံဆည် စီမံကိန်း ဆက်ပြီး အကောင်အထည်ဖော်ရေးကိစ္စ ဆွေးနွေးမှု ရှိခဲ့သလား ဆိုတဲ့အပေါ် တရုတ်သံရုံး၊ နိုင်ငံရေးဌာန အကြီးအကဲက အဲဒီလိုပြောခဲ့တာပါ။

တရုတ်တို့အနေနဲ့ မြစ်ဆုံဆည်စီမံကိန်းကို လက်လျှော့မယ့် အလားအလာတော့ မရှိဘူးလို့ တရုတ်-မြန်မာ ဆက်ဆံရေး စောင့်ကြည့်လေ့လာသူတစ်ဦးကလည်း သုံးသပ်ပါတယ်။ အပြည့်အစုံကို ရန်ကုန်မြို့ကနေ ကိုကျော်ကျော်သိန်းက သတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံဆီ နှစ်ရက်ကြာ လာရောက်ခဲ့တဲ့ တရုတ်နိုင်ငံတော် ကောင်စီဝင်တစ်ဦးဖြစ်သူ မစ္စတာ ယန်ကျဲချိ (Yang Jiechi) ရဲ့ ခရီးစဉ်အတွင်း သမ္မတ ဦးသိန်းစိန်အပါအဝင် အစိုးရအဖွဲ့ တာဝန်ရှိသူတွေနဲ့ ကိစ္စရပ်မျိုးစုံကို ပြောဆိုဆွေးနွေးခဲ့တဲ့ထဲမှာ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA နဲ့ မြန်မာအစိုးရကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲကိစ္စ၊ ကျောက်ဖြူ အထူးစီးပွားရေးဇုံ တည်ဆောက်ရေးကိစ္စနဲ့ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို အကူအညီပေးရေး ကိစ္စတွေ ပါဝင်တယ်ဆိုတာကို အင်္ဂါနေ့ထုတ် နိုင်ငံပိုင် သတင်းစာတွေမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံဘက်က အလေးအနက်အထားဆုံး အကြောင်းအရာကို ပြောပါဆိုရင်တော့ နိုင်ငံရေးအရ အကောင်အထည် ဖော်နေတဲ့ကိစ္စတွေနဲ့အတူ နှစ်ဘက်လူထုအကြား ထိတွေ့ဆက်ဆံရေး ကိစ္စတွေဖြစ်ပါတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးရဲ့ နိုင်ငံရေးဌာနအကြီးအကဲ မစ္စတာ ကောင်မင်းပေါ (Gao Mingbao) က ပြောပါတယ်။
တရုတ်နဲ့ မြန်မာအကြား ကိစ္စရပ်တွေထဲမှာ လက်ရှိအားဖြင့် အဓိက ကိစ္စရပ်တစ်ခုဖြစ်မယ်လို့ ယူဆရတဲ့ မြစ်ဆုံဆည် စီမံကိန်းကိစ္စ ဆွေးနွေးပြောဆိုတာတွေမှာ ပါဝင်ပါသလားဆိုတဲ့ အမေးကို မစ္စတာ ကောင်မင်းပေါ က အတိအကျ မဖြေဆိုခဲ့ပါဘူး။

"အထူးသဖြင့်တော့ နှစ်နိုင်ငံအကြား အဓိက စီမံကိန်းကြီးတွေကို ချောချောမွေ့မွေ့နဲ့ အကောင်အထည်ဖော်ရေး ဘယ်လိုသေချာအောင် လုပ်မလဲ ဆိုတာဟာ လက်တွေ့ကျတဲ့ ပူးပေါင်းဆောင်ရွက်မှု အမျိုးမျိုးကို အကောင်အထည် ဖော်တာပဲ ဖြစ်တယ်ဆိုတာက ဆွေးနွေးချက်တွေထဲမှာ ပါဝင်တာ အသေအချာပါပဲ။ စီမံကိန်းတွေအားလုံးကို ချောချောမောမော အကောင်အထည်ဖော်ရေး၊ ဒေသခံလူထုအတွက် ထင်သာမြင်သာရှိတဲ့ အကျိုးကျေးဇူးတွေ ရရှိရေး သေချာစေဖို့ ကြိုးပမ်းအားထုတ်မှုတွေကို အရှိန်မြှင့်သွားရမယ်ဆိုတာကို နှစ်ဘက်စလုံးက သဘောတူကြပါတယ်။"

တရုတ်တို့အနေနဲ့ မြစ်ဆုံဆည် စီမံကိန်းကို လက်လျှော့လိုက်ပြီလို့ ပြောလို့မရဘဲ လူတွေရဲ့ခံစားမှု ကြီးနေတုန်းမှာ နည်းနည်း လျှော့ထားတာဖြစ်ပြီး ပြန်လုပ်မှာပဲလို့ သုံးသပ်သူက တရုတ်-မြန်မာဆက်ဆံရေးကို စောင့်ကြည့်လေ့လာနေတဲ့ ဒေါက်တာ လှကျော်ဇောပါ။

“စ ထားတာ အများကြီးလေ။ ရင်းနှီးမြှုပ်နှံထားရတာကလည်း အများကြီး။ သို့သော်လည်း ပြည်သူလူထုရဲ့ စဉ်းစားနည်းတွေကိုလည်း သူတို့က ပြန်ပြီးတော့ စဉ်းစားပေးနေရတယ်။ သူတို့အချင်းချင်းမှာကိုက သူတို့ ဒါတွေ ပြောနေတယ်။ ဥပမာ ကချင်ဒေသမှာဖြစ်တော့ ကချင်လူမျိုးတွေရဲ့ ရှေးရိုးအစဉ်အလာတွေကို မထိခိုက်နိုင်တဲ့ ကိစ္စမျိုး၊ မထိခိုက်နိုင်တဲ့ အခြေအနေမျိုး ဘယ်လို ပြုပြင်ပြောင်းလဲမလဲပေါ့ဗျာ။ အဲ့ဒီဟာတွေကို ပြန်ပြီးတော့ သူတို့ ပျော့ပျော့ပြောင်းပြောင်းနဲ့ နည်းနာရှာနေတာတွေ ဘာတွေ ဖြစ်နိုင်တယ်။ အဲ့ဒီဟာတွေက ကျိတ်ပြီး လုပ်နေဟန်ရှိတယ်။ လျှော့မယ်လို့တော့ မထင်ဘူး ကျမက။”

နိုင်ငံတော်ကောင်စီဝန် မစ္စတာယန်ကျဲချိဟာ အမေရိကန် ပြည်ထောင်စုဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ်ရော၊ အရင် တရုတ်သမ္မတ မစ္စတာ ဟူကျင်တောင်း လက်ထက်မှာ နိုင်ငံခြားရေးဝန်ကြီးအဖြစ်ပါ ထမ်းဆောင်ခဲ့ဖူးသူဖြစ်ပြီး နိုင်ငံခြားရေးမူဝါဒနဲ့ ပတ်သက်ရင် တရုတ်နိုင်ငံမှာ သြဇာကြီးမားသူ တစ်ဦးဖြစ်တယ်လို့ ဒေါက်တာလှကျော်ဇော က ရှင်းပြပါတယ်။

ရခိုင်ပြည်နယ်ကိုဖြတ်ပြီး တရုတ်နိုင်ငံဆီ သွယ်တန်းဖောက်လုပ်နေတဲ့ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းကိစ္စဟာလည်း တရုတ်တို့အတွက် အရေးကြီးတဲ့ ကိစ္စရပ်တစ်ခုဖြစ်ပြီး ဒီပိုက်လိုင်းကို ချောချောမောမော ဖောက်လုပ်နိုင်ရေးဟာ အဓိကကျတာကြောင့် KIA နဲ့အစိုးရအကြား အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေးနဲ့ နယ်စပ်ဒေသ တည်ငြိမ်ရေးကိစ္စတွေကို ပြောလာတာ ဖြစ်တယ်လို့ သူက မြင်ပါတယ်။ ဒီ့အပြင်မှာတော့ ကျောက်ဖြူ အထူးစီးပွားရေးဇုံ စီမံကိန်းဟာလည်း အရေးကြီးတဲ့ စီမံကိန်းတစ်ခုပါပဲ။

“ကျောက်ဖြူဆိပ်ကမ်းက သူ့အတွက် အရေးကြီးတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူက အရှေ့အလယ်ပိုင်းကလာတဲ့ ရေနံတွေအားလုံးကို ဟိုတကွေ့ကြီး မသွားတော့ဘဲနဲ့ ကျောက်ဖြူဆိပ်ကမ်းကနေပဲ ကုန်းတွင်းကနေ သွယ်လို့ရှိရင် သူက ကုန်းတွင်းပိုင်း ပြည်နယ်တွေဖြစ်တယ်လေ။ အဲ့ဒီအတွက် သူက စဉ်းစားပုံရတယ်။ အခု တရုတ်ပြည်က ဒီလိုဖြစ်တယ်ဗျ။ သူ့ရဲ့ အရှေ့ပိုင်းပြည်နယ်တွေက တိုးတက်ဖွံ့ဖြိုးမှုက တအားတက်သွားပြီ။ ပူစရာမလိုဘူး။ ကျန်တဲ့ အနောက်ပြည်နယ်တွေ တိုးတက်ဖို့ကို သူက လုပ်နေတာဖြစ်တယ်။ အနောက်ပြည်နယ်တွေ တိုးတက်ဖို့အတွက် သူ့ရဲ့ စီမံကိန်းကြီးက လုပ်နေတဲ့အခါမှာ ဒါက စီမံကိန်းကြီးတစ်ခုဖြစ်တယ်လေ။”

မြန်မာနိုင်ငံ စစ်အစိုးရအဆက်ဆက် လက်ထက်မှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် အနောက်နိုင်ငံအများစုက ဒဏ်ခတ် ပိတ်ဆို့အရေးယူတာတွေ ရှိခဲ့ချိန်တုန်းက တရုတ်အစိုးရဟာ နိုင်ငံတကာ မျက်နှာစာမှာရော၊ စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှုအရမှာပါ မြန်မာနိုင်ငံဘက်ကရပ်တည်ပြီး လုပ်ကိုင်လာခဲ့တာပါ။ အပြောင်းအလဲတွေ ဖော်ဆောင်တဲ့အတွက် အမေရိကန်အပါအဝင် အနောက်နိုင်ငံတွေနဲ့ မြန်မာအစိုးရအကြား ဆက်ဆံရေး ပြန်ပြီးအဆင်ပြေလာခဲ့ချိန် တရုတ်တို့ဘက်ကလည်း အစိုးရနဲ့သာမက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အပါအဝင် နိုင်ငံရေးပါတီအသီးသီး၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း အပါအဝင် လူထုအခြေပြု လူမှုအဖွဲ့အစည်းတွေနဲ့ ဆက်ဆံရေး ကောင်းမွန်အောင် ကြိုးစားလာပါတယ်။

လက်ရှိအချိန်မှာတော့ မြစ်ဆုံဆည်စီမံကိန်းကို ဆိုင်းငံ့ထားဆဲရှိသလို လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ကန့်ကွက်ဆန္ဒပြ မှုတွေနဲ့လည်း အပြင်းအထန် ကြုံနေရဆဲဖြစ်ပါတယ်။
XS
SM
MD
LG