သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်နဲ့မြန်မာ သမ္မတနှစ်ဦးတွေ့ဆုံ


မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်လို့ နိုင်ငံရေးအရ ဆွေးနွေးဖြေရှင်းရေးကို အားပေးသွားမှာ ဖြစ်တဲ့အကြောင်း အင်ဒိုနီးရှားနိုင်ငံမှာ ဒီကနေ့ စတင်ကျင်းပနေတဲ့ အာရှ-အာဖရိက ထိပ်သီးညီလာခံအတွင်း သမ္မတ ဦးသိန်းစိန်နဲ့ သီးခြားတွေ့ဆုံရာမှာ တရုတ်သမ္မတ Xi Jinping က ပြောကြားသွားပါတယ်။

မြန်မာနိုင်ငံမြောက်ပိုင်းက ပဋိပက္ခတွေကို ဆွေးနွေးညှိနှိုင်း ဖြေရှင်းဖို့ ကြိုးပမ်းမှုတွေကို တရုတ်နိုင်ငံအနေနဲ့ အားပေးသွားမှာ ဖြစ်သလို၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေဟာလည်း အရှိန်အဟုန်သစ်တွေနဲ့ အမြန်ဆုံး အကောင်အထည်ပေါ်လာဖို့ မျှော်လင့်တဲ့အကြောင်း တရုတ်သမ္မတရဲ့ ပြောဆိုချက်ကို ကိုးကားပြီး နိုင်ငံပိုင် ဆင်ဟွာသတင်းက ဖော်ပြခဲ့တာပါ။

တရုတ်နိုင်ငံနဲ့ နယ်စပ်ဒေသတွေမှာ MNDAA ကိုးကန့်တပ်ဖွဲ့တွေနဲ့ မြန်မာစစ်တပ်တို့ကြား လနဲ့ချီပြီး တိုက်ပွဲတွေ ဖြစ်ပွားနေသလို၊ ကချင်လက်နက်ကိုင်အဖွဲ့ (KIO) နဲ့လည်း မကြာသေးခင် ရက်ပိုင်းတွေကစလို့ ပဋိပက္ခတွေ တကျော့ပြန် ပေါ်ပေါက် နေချိန်မှာပဲ မှတ်ချက်ပေး ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ကိုးကန့်တပ်ဖွဲ့တွေနဲ့ ဖြစ်ပွားတဲ့ တိုက်ပွဲတွေအတွင်း နယ်စပ်ဖြတ်ကျော် ကျရောက်ခဲ့တဲ့ ဗုံးဒဏ်ကြောင့် တရုတ်နိုင်ငံသား ၅ ယောက် သေဆုံးခဲ့တဲ့အထိ ကြုံခဲ့ရသလို၊ ဒုက္ခသည်တွေ ထောင်သောင်းချီ ထွက်ပြေးနေရတဲ့အတွက် တရုတ်နိုင်ငံက စိုးရိမ်မကင်းတဲ့ သဘောထားတွေကို ပြောဆိုနေတာပါ။

သမ္မတ ဦးသိန်းစိန်ကတော့ မြန်မာနိုင်ငံ မြောက်ပိုင်းဒေသမှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုတွေကို ထိန်းသိမ်းဖို့၊ ဒေသတွင်း ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ လုပ်ဆောင်ဖို့ နိုင်ငံရေးအရ ဆွေးနွေးညှိနှိုင်းသွားမှာ ဖြစ်တဲ့အကြောင်း ပြောဆိုခဲ့တယ်လို့လည်း ဆင်ဟွာသတင်းက ဖော်ပြပါတယ်။

ဘက်မလိုက်လှုပ်ရှားမှု တခုအဖြစ် စစ်အေးခေတ်ကာလ ၁၉၅၅ ခုနှစ်မှာ မြန်မာနိုင်ငံအပါအဝင် အာရှ-အာဖရိကတိုက် နိုင်ငံခေါင်းဆောင်တွေ ပထမဆုံးအကြိမ် ညီလာခံ ကျင်းပခဲ့တဲ့ နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် ၅ ရက်ကြာ ကျင်းပမယ့် ဂျကာတာမြို့က ညီလာခံကိုတော့ မြန်မာသမ္မတ ဦးသိန်းစိန် အပါအဝင် နိုင်ငံပေါင်း ၃၀ ကျော်က ခေါင်းဆောင်တွေ တက်ရောက် နေကြတာပါ။

နှစ် ၆၀ ပြည့် အာရှ-အာဖရိက ထိပ်သီးညီလာခံနဲ့ ၁၀ နှစ်ပြည့် အာရှ- အာဖရိက မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်မှု အထိမ်းအမှတ်ပွဲတွေ တက်ရောက်မယ့် သမ္မတ ဦးသိန်းစိန်ကိုတော့ အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့ အင်ဒိုနီးရှား သမ္မတက Joko Widodo က ဂျကာတာမြို့တော်က ဒီကနေ့ ဖွင့်ပွဲအခမ်းအနားမှာပဲ ကြိုဆိုခဲ့ပါတယ်။

XS
SM
MD
LG