သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂြိုဟ်တုသတင်းအချက်အလက် တရုတ် မြန်မာ မျှဝေမည်


တရုတ် နဲ့ မြန်မာ နည်းပညာဝန်ကြီးများ သဘောတူ လက်မှတ်ရေးထိုးနေကြစဉ်။ (သြဂုတ်လ ၉ ရက်၊ ၂၀၁၃)။
တရုတ် နဲ့ မြန်မာ နည်းပညာဝန်ကြီးများ သဘောတူ လက်မှတ်ရေးထိုးနေကြစဉ်။ (သြဂုတ်လ ၉ ရက်၊ ၂၀၁၃)။
မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံတို့ကြား နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်အရ Satellite ဂြိုဟ်တုကနေရတဲ့ သတင်းအချက်အလက် တွေကို မျှဝေသုံးစွဲဖို့ သောကြာနေ့က သဘောတူစာချုပ်တရပ် ချုပ်ဆိုခဲ့ကြပါတယ်။
ဒီသဘောတူညီချက် ကနေ မြန်မာနိုင်ငံရဲ့ သိပ္ပံနဲ့နည်းပညာကဏ္ဍ အတွက် ခေတ်မီ တိုးတက်လာအောင် အထောက်အကူ ပေးနိုင်မယ့် အပြင် နှစ်နိုင်ငံပြည်သူတွေကြား ချစ်ကြည်ရင်းနှီးမှုတွေ ပိုရ လာစေမှာဖြစ်တယ်လို့ မြန်မာနည်းပညာဝန်ကြီးက ပြောကြားခဲ့ပါတယ်။ ရန်ကုန်မှာကျင်းပတဲ့ နှစ်နိုင်ငံ သိပ္ပံနဲ့နည်းပညာဝန်ကြီးတွေရဲ့ အစည်းအဝေးနဲ့ ပတ်သက်ပြီး ဒေါ်ခင်မျိုးသက်က တင်ပြထားပါတယ်။

တရုတ် မြန်မာ နှစ်နိုင်ငံကြား သိပ္ပံနဲ့နည်းပညာ ကဏ္ဍမှာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အစည်းအဝေးကို ရန်ကုန် Sedona ဟော်တယ်မှာ သောကြာနေ့က ကျင်းပခဲ့တာပါ။ မြန်မာသိပ္ပံနဲ့ နည်းပညာဝန်ကြီး ဒေါက်တာဦးကိုကိုဦးနဲ့ တရုတ်သိပ္ပံနဲ့ နည်းပညာဝန်ကြီး မစ္စတာ ဝမ်ဂမ် (Wan Gang) တို့ဦးဆောင်တဲ့ နှစ်နိုင်ငံပညာရှင်တွေ ရဲ့ ဆွေးနွေးပွဲကနေ သိပ္ပံနဲ့နည်းပညာကဏ္ဍမှာ ပူးပေါင်းဆောင်ရွက်ကြ ဖို့နဲ့ ပညာရှင်ဖလှယ်ရေး အစီအစဉ်တွေ ချမှတ်ဖို့ သဘောတူခဲ့ကြပါတယ်။

တရုတ်နည်းပညာဝန်ကြီး မစ္စတာဝမ်က မြန်မာနိုင်ငံရဲ့ သိပ္ပံပညာဆိုင်ရာ ဓာတ်ခွဲခန်းတွေ ပူးတွဲဆောက်လုပ်ဖို့နဲ့ Satellite ဂြိုဟ်တု ကရတဲ့ ဓာတ်ပုံနဲ့ အချက်အလက်တွေကို မျှဝေနိုင်ရေးအတွက် အစီအစဉ်ချမှတ်ဖို့ လုပ်ဆောင်ချင်ကြောင်း ပြောကြားခဲ့တဲ့အပြင် တရုတ်နဲ့ အာဆီယံနိုင်ငံတွေကြား နည်းပညာ ဖြန့်ဖြူးပေးမယ့် ဗဟိုဌာနတခုကို မြန်မာနိုင်ငံမှာ တည်ထောင်ဖို့ ဆန္ဒရှိကြောင်းလည်း ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် မြန်မာလူငယ်သိပ္ပံပညာရှင်လေးတွေ အနေနဲ့ တရုတ်နိုင်ငံ ထဲမှာ လေ့ကျင့်သင်ကြားမှုတွေလာပြီး လုပ်ဆောင်ကြဖို့နဲ့ သုတေသန လုပ်ငန်းတွေကို အတူလက်တွဲ လုပ်ဆောင်ဖို့ပါ ဖိတ်ခေါ်ခဲ့ပါတယ်။ အခုလို တရုတ်နိုင်ငံက သိပ္ပံနဲ့နည်းပညာဆိုင်ရာ အကူညီတွေနဲ့ ပံ့ပိုးမှုတွေပေးအပ်တာ ဟာ မြန်မာနိုင်ငံ စီးပွားဖွံ့ဖြိုးရေးအတွက်သာမက နှစ်နိုင်ငံ ပြည်သူတွေကြား ရင်းနှီးမှု ပိုပြီး တိုးလာစေမှာဖြစ်တယ်လို့ ဒေါက်တာဦးကိုကိုဦးကပြောပါတယ်။

ဆွေးနွေးပွဲအပြီးမှာ CRESDA လို့ခေါ်တဲ့ China Center for Resources Satellite Data and Application တရုတ်နိုင်ငံရဲ့ ဂြိုဟ်တုကရတဲ့ အချက်အလက်ဆိုင်ရာ ဗဟိုဌာန နဲ့ မန္တလေးနည်းပညာတက္ကသိုလ်တို့ကြား သဘောတူစာချုပ်တရပ်ကို ချုပ်ဆိုခဲ့ပါတယ်။

ဒီသဘောတူညီချက်အရ Satellite ဂြိုဟ်တုကရတဲ့ အချက်အလက်တွေကို တရုတ်က မြန်မာကို မျှဝေပေးမှာဖြစ်ပြီး မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေး ဆိုင်ရာလုပ်ငန်းတွေ၊ သဘာဝဝန်းကျင်ဆိုင်ရာ စောင့်ကြည့် ထောက်လှန်း မှုတွေနဲ့ သဘာဝဘေးအန္တရာယ် ကာကွယ်ရေး ဆိုင်ရာ လုပ်ငန်းတွေမှာ ထိရောက်မှုှရှိစေဖို့ အသုံးပြုနိုင်တော့မှာ ဖြစ်တယ်လို့ နည်းပညာဝန်ကြီး ဒေါက်တာ ဦးကိုကိုဦးကပြောပါတယ်။

“ဒါဟာ ဌာနအတွက်ရော နိုင်ငံအတွက်ရော အရေးကြီးတဲ့ လုပ်ငန်းတခုဖြစ်ပါတယ်။ ဒီခေတ်မှာ ဒါဟာ အရေးကြီးတယ်ဆိုတာ အားလုံးလည်း သိပါတယ်။ ဒီသဘာဝဘေးအန္တရာယ် ကာကွယ်ရေးအတွက်ဟာ သိပ်အရေးကြီးတဲ့ အချိန်ဖြစ်ပါတယ်။ နောက်တခုကတော့ ဒီနိုင်ငံမှာ အရေးကြီးတာတခုက Satellite Application ပေါ့လေ။ ဒီဂြိုဟ်တုက ရတဲ့ပုံတွေကို အသုံးပြုပြီးတော့ နယ်ပယ်အသီးသီး မှာပေ့ါ။ စိုက်ပျိုးရေးက အစ နယ်ပယ်အသီးသီးမှာ သုံးလို့ရတဲ့ remote sensing center တခုတည်ထောင်နိုင်ဖို့ အတွက် ဒါကလည်း အထောက်အကူပြုတဲ့အတွက် ဒါဟာ ဌာနအတွက် အများကြီးအထောက်အကူပြုတာပေါ့။”

ဒီသဘောတူညီချက်ဟာ တရုတ်-အာဆီယံ သိပ္ပံနဲ့နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်ရဲ့ အစိတ်အပိုင်းတခုဖြစ်သလို ပထမဆုံး သဘောတူညီ လက်မှတ်ရေးထိုးခဲ့တဲ့ အစီအစဉ်တခုလည်း ဖြစ်ပါတယ်။
XS
SM
MD
LG