သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုးကန့်အရေး တရုတ်ကူညီ ဖြေရှင်းပေးလို


ကိုးကန့်တပ်သားများ။
ကိုးကန့်တပ်သားများ။

မြန်မာနိုင်ငံ နယ်စပ်ဒေသမှာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေနဲ့ တင်းမာမှုတွေ လျော့ပါးအောင် ဆောင်ရွက်ဖို့ မြန်မာအစိုးရကို တရုတ်နိုင်ငံက ထပ်မံတိုက်တွန်းလိုက်ပါတယ်။ မြန်မာနိုင်ငံရဲ့ အချုပ်အခြာ အာဏာပိုင်ဆိုင်မှုကို တရုတ်နိုင်ငံက လေးစားတယ်ဆိုတာကို ထပ်လောင်းပြောကြား လိုကြောင်း၊ မြန်မာအစိုးရနဲ့ သက်ဆိုင်သူတွေနဲ့လည်း ထိတွေဆက်သွယ်နေတဲ့ အကြောင်းနဲ့ တင်းမာမှုတွေ လျော့ပါးအောင် တရုတ်နိုင်ငံနဲ့ လက်တွဲဆောင်ရွက်ဖို့လည်း တိုက်တွန်းလိုတဲ့အကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရသူ Hua Chunying ကပြောဆိုခဲ့တာပါ။

မြန်မာနိုင်ငံဖက်က ကမ်းလှမ်းမယ်ဆိုရင် ငြိမ်းချမ်းရေးအတွက် ဆွေးနွေးနိုင်အောင် တရုတ်နိုင်ငံက ကြားဝင်စေ့စပ် ပေးချင်တယ်လို့လည်း ဒီကနေ့ ဘေဂျင်းမြို့မှာ ပြုလုပ် တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။ နယ်စပ်ဒေသ တိုက်ပွဲတွေကြောင့် လုံခြုံရေး စိတ်မချရတဲ့အတွက် တရုတ်နိုင်ငံသားတွေ အနေနဲ့ ဘေးကင်းလုံခြုံရေး အထူးသတိထားဖို့နဲ့ လိုက်နာရမယ့် ညွှန်ကြားချက် အသစ်တွေကို ဒေသခံ အာဏာပိုင်တွေက ထပ်မံထုတ်ပြန် ထားတယ်လို့လည်း ပြောဆိုခဲ့တာပါ။

တရုတ်ဒုတိယ နိုင်ငံခြားရေးဝန်ကြီး Liu Zhenmin ကလည်း နယ်စပ်ဒေသ တည်ငြိမ် အေးချမ်းရေးအတွက် သက်ဆိုင်သူတွေ အားလုံးက တတ်နိုင်သမျှ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ကြဖို့ ဘေဂျင်းမြို့တော်ကို ရောက်လာတဲ့ မြန်မာအထူးသံ ကိုယ်စားလှယ်ကို တိုက်တွန်းခဲ့ကြောင်း မနေ့နှောင်းပိုင်းကပဲ ကြေညာချက် ထုတ်ပြန် ပြောဆိုခဲ့ပါတယ်။

ထောင်သောင်းချီတဲ့ ဒေသခံတွေ ထွက်ပြေးနေကြရတဲ့ အထိ မြန်မာ အစိုးရတပ်တွေနဲ့ MNDAA ကိုးကန့် လက်နက်ကိုင် တပ်ဖွဲ့တွေကြား ပြီးခဲ့တဲ့လက စတင်ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ တရုတ်နိုင်ငံက ကြေးစားတပ်ဖွဲ့ဝင်တွေ ပါဝင်နေတယ်လို့လည်း မကြာသေးခင်တုန်းက မြန်မာစစ်တပ်ရဲ့ သတင်းစာ ရှင်းလင်းပွဲတခုမှာ စွပ်စွဲ ပြောဆိုခဲ့တာပါ။

တရုတ်ဒုတိယ နိုင်ငံခြားရေး ဝန်ကြီးနဲ့ တွေ့ဆုံခဲ့တဲ့ မြန်မာကိုယ်စားလှယ်ကတော့ ပဋိပက္ခနဲ့ ပတ်သက်လို့ တရုတ်အစိုးရရဲ့ ကိုင်တွယ်ဆောင်ရွက်မှုတွေ အပေါ် ကျေးဇူးတင် စကား ပြောကြားခဲ့တယ်လို့လည်း ကြေညာချက်မှာ ဖော်ပြ ခဲ့ပါတယ်။

XS
SM
MD
LG