သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှာ မြန်မာကုန်ကား ရာနဲ့ချီပိတ်မိနေ


တရုတ်နယ်စပ်မှာမြန်မာကုန်ကားရာနဲ့ချီပြီးပိတ်ဆို့နေ
တရုတ်နယ်စပ်မှာမြန်မာကုန်ကားရာနဲ့ချီပြီးပိတ်ဆို့နေ

{{Zawgyi/Unicode}}

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုံမှာ မြန်မာကုန်ကားတွေရာနဲ့ချီပြီး ပိတ်ပိတ်မိနေပါတယ်။ ကုန်သွယ်ရေးဂိတ် ၅ ခုထဲက တခုကိုပဲ တရုတ်ဘက်က ဖွင့်ပေးထားတာကြောင့် အဲဒီဂိတ်ဘက် စုပြုံသွားကြတဲ့အတွက် ရက်နဲ့ချီကြာတဲ့ထိ လမ်းပိတ်ဆို့နေတာပါ။ ဒီအတွက် မြန်မာလုပ်ငန်းရှင်တွေ နစ်နာ၊ ဆုံးရှုံနေတဲ့အကြောင်း ရန်ကုန်ကလာတဲ့သတင်းကို ကိုကျော်ကျော်သိန်းကပြောပြပါမယ်။

မြန်မာနိုင်ငံနဲ့ နယ်စပ် တရုတ်နိုင်ငံ ယူနန်ပြည်နယ်ထဲမှာ ကိုဗစ်ကပ်ရောဂါ ကူးစက်မှုပြန်ဖြစ်ခဲ့ချိန်ကတည်းက မူဆယ် ၁၀၅ မိုင်မှာရှိတဲ့ တရုတ် မြန်မာနယ်စပ်ဂိတ်တွေကို ဧပြီလထဲက ပိတ်ထားတာ ဂိတ် ၁ ခုကိုပဲ ပြန်ဖွင့်ပေးပါသေးတယ်။ ဂိတ် ၅ ခုမှာ ၁ ခုကို ပြန်ဖွင့်ပေးထားတယ်ဆိုတာတောင်မှ တရုတ်ဘက်က ကန့်သတ် စစ်ဆေးမှုတွေကြောင့် ဖွင့်ပေးထားတဲ့ ကျင်စန်းကျော့ နယ်စပ်ဂိတ်ကိုသွားတဲ့ လမ်းပေါ်မှာ အသွားအလာတန့်ပြီး ကုန်ကားတွေ တန်းစီပိတ်နေပါတယ်။

ရာသီအလိုက်ပေါ်တဲ့ အသီးတွေထဲက တရုတ်နိုင်ငံဘက်ကို သခွားမွှေး၊ သရက်သီးတွေပို့ချိန်ဖြစ်လို့ သစ်သီးကုန်ကားတွေ ဒုက္ခရောက်နေတယ်လို့ မူဆယ် သစ်သီးဝလံ ကုန်စည်ဒိုင် ဒုဥက္ကဋ္ဌ စိုင်းခင်မောင်က ပြောပါတယ်။

“လမ်းပိုင်းမှာ ပိတ်မိနေတဲ့ ကုန်တင်ယာဉ်လုံးအနေနဲ့ ကုန်စိမ်း၊ ကုန်ခြောက် အားလုံးကတော့ အစီးရေက ထောင်ချီ ပိတ်မိနေတာရှိတယ်။ အဲလို ခက်ခဲကုန်တော့ လမ်းပိုင်းမှာ ရက်ကြာတယ်၊ ရက်ကြာတော့ သစ်သီးတွေ ပုပ်သိုးမှုရှိတယ်၊ ပစ်ရတယ်။ အဓိက သရက်သီးပေါ့လေနော်၊ အခုအချိန်က။ သရက်သီးတွေမှည့်ပြီးဈေးကျ၊ အပုပ်အပျက်တွေက လွှင့်ပစ်နဲ့ အဲလိုမျိုးနဲ့ တောင်သူတွေနည်းနည်း အခက်အခဲတွေ ကြုံနေရတဲ့ အနေအထားပေါ့။”

လမ်းမှ ာရက်ရှည် စောင့်ဆိုင်းရလို့ သီးနှံတွေ ပျက်စီးကုန်ပြီး ဈေးမရတဲ့အတွက် တောင်သူတွေ အရှုံးပေါ်နေကြောင်းလည်း သူကပြောပါတယ်။

ကိုဗစ်ရောဂါ ထိန်းချုပ်ဖို့ဆိုပြီး မူဆယ် ၁၀၅ မိုင်က မန်ဝိန်း၊ နန်းတော်၊ ဆင်ဖြူ ဒီဂိတ် ၃ ခုကို တရုတ်ဘက်က ၂၀၂၀ ဧပြီလကတည်းက ပိတ်လိုက်တာပါ။ ပန်ဆိုင်းဂိတ်ကိုလည်း မကြာခဏဆိုသလို ပိတ်လေ့ရှိပါတယ်။ ကျင်စန်းကျော့ဂိတ် တခုကိုပဲ ကိုဗစ်ရောဂါ စစ်ဆေးမှုတွေ တင်းတင်းကျပ်ကျပ်လုပ်ပြီး အကန့်အသတ်နဲ့ ဖွင့်ပေးထားတာပါ။

ဒါကြောင့် ကုန်စိမ်းနဲ့ သစ်သီးဝလံ များများတင်ပို့ရတဲ့ အခုလိုရာသီမှာ ကုန်ကားပိတ်ဆို့မှုတွေ ပိုဖြစ်လာကြောင်း မူဆယ်မြို့က ကုန်သည်တဦးက ပြောပါတယ်။

“ကားတွေကများတော့ အဲဒီတပေါက်တည်းကို အကုန်တိုးနေရတော့ တန်းစီရတာ တအားကြာတယ် တဘက်တဘက်ရောက်ဖို့ကို။ (ဂိတ်တွေ) ပိတ်ထားတော့ (ကုန်ကား) ၁,၅၀၀ လောက်က နေ့စဉ်တန်းစီနေရတယ်။ ဆိုတော့ အနည်းဆုံး ရက် ၂၀ လောက်ကြတယ်။”

အခုတော့ သရက်သီးတောင်သူတွေက နယ်စပ်ဂိတ်အခြေအနေကို စောင့်ကြည့်ပြီးမှ လိုသလောက်ပဲ ခူးဆွတ် တင်ပို့ကြပါတယ်။ လမ်းခရီးမှာ ရက်ကြာတဲ့အတွက် ပို့ဆောင်ရေးလုပ်ငန်းတွေက ကုန်တင်ခကို ပိုယူပါတယ်။ တရုတ်ဘက်က ဈေးနှိမ်ရင်တော့ တောင်သူတွေပဲ ထပ်ပြီးနစ်နာရကြောင်း ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်တွေက ပြောပါတယ်။

“ကားအများကြီးမလွှတ်ဘူး ပြီးတော့ တပေါက်တည်းကိုပဲ တိုးနေရတဲ့ အနေအထား ဖြစ်တဲ့အခါကျတော့ ကုန်ခြောက်လွှတ်လိုက်၊ အသီးအနှံလွှတ်လိုက်၊ ခွဲတမ်းနဲ့ လွှတ်ပေးပေမဲ့လည်း တရက်လုံးတောင် ကားအစီး ၁၀၀ ဝင်နိုင်လား မသိပါဘူး။ အသွားအပြန် ပြန်ထွက်လာတဲ့အထိဆိုရင် ကျနော်ထင်တယ် ရက် ၂၀ ၊ ၁ လကြာမယ်။ ကျနော်တို့ ကားတွေတောင်မှ ၁၀၅ မိုင်ကိုဝင်ဖို့ တန်းစီနေတာ တပတ်လောက်ရှိပြီ။”

စစ်ကိုင်းတိုင်းက ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်တဦး ပြောသွားတာပါ။

မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဂိတ်တွေ ပုံမှန် ပြန်ဖွင့်နိုင်ဖို့ မြန်မာ၊ တရုတ် နှစ်နိုင်ငံက နယ်စပ်ကုန်သွယ်ရေး တာဝန်ရှိသူတွေ မကြာသေးခင်က ဆွေးနွေးခဲ့ပါတယ်။ ဒါပေမဲ့ တရုတ်ယူနန်ပြည်နယ်ထဲမှာ ကိုဗစ်ကူးစက်မှုတွေ တကြော့ပြန် ဖြစ်လာတာကြောင့် အခြေအနေ တည်ငြိမ်တဲ့အထိ စောင့်ကြည့်ဦးမယ်လို့ တရုတ်အာဏာပိုင်တွေက ထုတ်ပြန်ထားပါတယ်။

တရုတ် ၊မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ်တွေကနေ မြန်မာဘက်က ရေထွက်ကုန်၊ ကုန်ခြောက်နဲ့ စိုက်ပျိုးရေးပစ္စည်းတွေ တရုတ်ဘက်ကို အဓိက တင်ပို့ပါတယ်။ တရုတ်ဘက်ကတော့ လယ်ယာသုံး စက်ကိရိယာနဲ့ ဓာတ်မြေဩဇာအပါအဝင် လျှပ်စစ်ပစ္စည်း၊ အိမ်ဆောက်ပစ္စည်း၊ ဆေးအမျိုးမျိုး စတဲ့ကုန်တွေကို တင်သွင်းနေတာပါ။

နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှု ပမာဏက ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာ အမေရိကန်ဒေါ်လာ သန်းပေါင်း ၄,၈၀၀ ကျော်တယ်လို့ မြန်မာကုန်သွယ်ရေးဌာနက ထုတ်ပြန်ထားပေမဲ့ အခုနှစ်တော့ ဒီထက်လျော့နည်းနိုင်ကြောင်း ခန့်မှန်းနေကြပါတယ်။

................................

တိုက်ရိုက် လင့်ခ်

{{Unicode}}















XS
SM
MD
LG