တရုတ်နိုင်ငံ တောင်ပိုင်းမှာ အစိုးရရဲ့ ဆင်ဆာဖြတ်တောက်မှုတွေကြောင့် - သတင်းစာတစောင်က စာနယ်ဇင်းသမားတွေနဲ့ အစိုးရ တာဝန်ရှိသူတွေ အကြား သီတင်းတပတ်နီးပါး ထိပ်တိုက် ကြုံနေရတာတွေကို - အဆုံးသတ်နိုင်မယ့် - အလားအလာရှိတဲ့ ညှိနှိုင်းမှုတခု ရသွားပြီလို့ သတင်းတွေ ထွက်ပေါ်လာနေပါတယ်။
သဘောတူညီချက်နဲ့ ပတ်သက်လို့ အသေးစိတ် အချက်အလက်တွေကို ရှင်းရှင်းလင်းလင်း မသိရသေးပေမဲ့ - ဆန္ဒပြနေကြတဲ့ သတင်းစာတိုက်ရဲ့ အယ်ဒီတာတွေကနေ လုပ်ငန်းခွင်ကို ပြန်ဝင်ဖို့ သဘောတူခဲ့ပြီး၊ အပတ်စဉ်ထုတ် Southern Weekly သတင်းစာကိုလည်း ပုံမှန်အတိုင်း ကြာသပတေးနေ့မှာ ထုတ်ဝေသွားမှာ ဖြစ်တဲ့အကြောင်း သတင်းတွေက ဖော်ပြခဲ့ကြတာ ဖြစ်ပါတယ်။
လုပ်ငန်းခွင်က ထွက်ခွာပြီး ဆန္ဒပြတဲ့သူတွေကို - အရေးယူမှာ မဟုတ်သလို - သတင်းသမားတွေက တင်းကျပ်လွန်းတယ်လို့ - မြင်နေကြတဲ့ ထိန်းချုပ်မှုတွေကိုလည်း အစိုးရက လျှော့ပေးဖို့ သဘောတူခဲ့တဲ့အကြောင်းလည်း - စေ့စပ်ပေးသူတွေနဲ့ နီးစပ်သူတွေကို ကိုးကားပြီး သတင်းတွေက ရေးသားနေကြပါတယ်။ ရှန်ဟိုင်းမြို့မှာရှိတဲ့ ဖူဒန် တက္ကသိုလ်က သတင်းစာပညာ ပါမောက္ခ ဒေါ့ ယန်း (Doug Young) ကတော့ ညှိနှိုင်းမှုဟာ စာနယ်ဇင်းသမားတွေအတွက် အကောင်းဆုံး ရလဒ်တခု ဖြစ်လာဖွယ်ရှိတယ်လို့လည်း မှတ်ချက်ပေးခဲ့ပါတယ်။
တရုတ်နိုင်ငံမှာ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့ တိုက်တွန်းထားတဲ့ အယ်ဒီတာ့ အာဘော်ကို မဖော်ပြနိုင်အောင် ဆင်ဆာ တည်းဖြတ်ခဲ့ပြီး၊ အာဏာရကွန်မြူနစ်ပါတီကို ချီးမွမ်းထားတဲ့ အကြောင်းအရာနဲ့ အစားထိုးခဲ့ရာကနေ အရင်တပတ်ထဲမှာ ပြဿနာတွေ စတင်ခဲ့တာ ဖြစ်ပါတယ်။
ဒီနောက်မှာတော့ တနိုင်ငံလုံး အတိုင်းအတာနဲ့ အင်တာနက် အွန်လိုင်းပေါ်မှာ တင်းကျပ်တဲ့ မီဒီယာဆင်ဆာ တည်းဖြတ်မှုတွေကို ဆန့်ကျင်မှုတွေ ပေါ်ပေါက်လာပြီး ထင်ရှားတဲ့ လူပုဂ္ဂိုလ် အကျော်အမော်တွေကပါ သတင်းစာဘက်က ထောက်ခံအားပေးတဲ့ သဘောထားတွေကို ဖော်ပြလာကြတဲ့အထိ ဖြစ်ခဲ့ပါတယ်။