တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့တော်မှာ အထပ်ပေါင်း ၈၂ ထပ်၊ လှေကား ၂၀၄၁ ထစ်ရှိတဲ့ အမြင့်ဆုံးအဆောက်အဦးတခုကို Vertical Marathon လို့ခေါ်တဲ့ အမြင့်တက် မာရသွန်အပြေးသမား ၆၀၀ လောက်က ပြိုင်ပွဲဝင်ပြေးခဲ့ကြပါတယ်။
ပေ ၁,၀၀၀ ကျော်မြင့်ပြီး အထပ် ၈၂ ထပ်ရှိတဲ့ အမြင့်ဆုံး အဆောက်အဦးကို ကမ္ဘာတဝှန်း နိုင်ငံပေါင်း ၂၀ ကျော်က အပြေးသမားပေါင်း ၆ ရာလောက် ဝင်ပြိုင်ခဲ့ကြပါတယ်။ လှေကားတက် အပြေးပြိုင်ပွဲမျိုးဟာ အပြင်က ရာသီဥတုကို ဂရုစိုက်စရာမလိုဘူး၊ ထိပ်ဆုံးရောက်ပြီး အံ့အားသင့်လောက်တဲ့ မြင်ကွင်းကို မြင်ရရင် ဘယ်လောက် ကြိုးစားခဲ့ရလဲဆိုတဲ့ အရသာကို သိပါတယ်လို့ ပြိုင်ပွဲဝင်တစ်ယောက်က ပြောပါတယ်။
ပြိုင်ပွဲမှာ အသက်အရွယ်၊ ကျား-မ စတဲ့ အချက်တွေကို မူတည်ပြီး အုပ်စုလိုက်အပြင် တစ်ဦးချင်း ယှဉ်ပြိုင်သူတွေလည်း ရှိကြပါတယ်။ အပြေးပြိုင်ပွဲမှာ မောလွန်းလို့ သေမတတ် ခံစားရပေမယ့် နောက်ဆုံး အနိုင်ရလို့ သိပ်ပျော်ပါတယ်လို့ မနှစ်က ပြိုင်ပွဲမှာ ဒုတိယစွဲခဲ့သူ ပြိုင်ပွဲဝင်တယောက်က မှတ်ချက်ပေးခဲ့ပါတယ်။