သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ပိုင်း တိုက်ပွဲအခြေအနေ တရုတ်စောင့်ကြည့်နေ


တရုတ်နိုင်ငံခြားရေးဌာနမှာ ပြောခွင့်ရ Lin Jian
တရုတ်နိုင်ငံခြားရေးဌာနမှာ ပြောခွင့်ရ Lin Jian

မြန်မာနိုင်ငံ မြောက်ပိုင်းအခြေအနေကို တရုတ်နိုင်ငံက အထူးအလေးပေး စောင့်ကြည့်နေတယ်လို့ တရုတ်နိုင်ငံက ပြောကြားလိုက်ပါတယ်။ တရုတ်နိုင်ငံခြားရေးဌာနမှာ ပုံမှန်လုပ်တဲ့ သတင်းစာရှင်းပွဲအတွင်း ပြောခွင့်ရ Lin Jian က သောကြာနေ့က ပြောကြားခဲ့တာဖြစ်ပါတယ်။

“တရုတ်အနေနဲ့ မြန်မာနိုင်ငံထဲက အခြေအနေတွေနဲ့ မြောက်ပိုင်းက တိုက်ပွဲတွေကို အထူးဂရုပြု စောင့်ကြည့်နေပြီး၊ မြန်မာရဲ့ အကြီးမားဆုံး အိမ်နီးချင်းနိုင်ငံအနေနဲ့ မြန်မာတည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးရေးအတွက် အမြဲစိတ်ရင်းအမှန်နဲ့ တက်တက်ကြွကြွ ကူညီနေပါတယ်”လို့ ပြောသွားတာပါ။

မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနဲ့ ပြန်လည် သင့်မြတ်ရေးလုပ်ငန်းစဉ်တွေမှာ တရုတ်အနေနဲ့ ထိရောက်တဲ့ ကဏ္ဍကနေ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်သလို၊ မြန်မာနိုင်ငံမြောက်ပိုင်းမှာ တိုက်ပွဲတွေ လျော့ကျပြီး အခြေအနေ အေးချမ်းစေဖို့ ဆက်လက် အလေးပေးဆောင်ရွက်သွားမှာဖြစ်ပါတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Lin Jian က သောကြာနေ့ သတင်းစာရှင်းပွဲမှာ ပြောကြားသွားခဲ့ပါတယ်။

တိုက်ပွဲတွေ ချက်ချင်းရပ်ပါလို့ TNLA တအာင်းတပ်ကို ရွှေလီမြို့လုံခြုံရေးကော်မတီက စာပေးပို့ဖိအားပေးခဲ့သလားဆိုတာကို သတင်းစာရှင်းပွဲမှာ သတင်းထောက်တယောက်မေးတာကို ပြောခွင့်ရက တိုက်ရိုက်မဖြေဘဲ ခုလို ဖြေကြားခဲ့တာဖြစ်ပါတယ်။

တရုတ်စစ်တပ်က အခုတပတ် အင်္ဂါနေ့ကနေ ကြာသပတေးနေ့အထိ တရုတ် မြန်မာနယ်စပ်မှာ ကျည်အစစ်တွေသုံးပြီး ကြည်းတပ်နဲ့ လေတပ် စစ်ရေးလေ့ကျင့်မှုတွေ ၃ ရက် လုပ်ခဲ့ပါတယ်။

တရုတ်ကြားဝင်စေ့စပ်ပေးတဲ့ ဟိုင်ဂင်သဘောတူညီမှုအရ TNLA ပါတဲ့ ညီနောင် ၃ ဖွဲ့က ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းကို ဒီနှစ်ဆန်းမှာ ယာယီအပစ်ရပ်ခဲ့ပေမဲ့၊ ဇွန်လကုန်မှာ တိုက်ပွဲတွေ ပြန်စခဲ့ပါတယ်။ အဲဒီနောက် MNDAA ကိုးကန့်တပ်ပါ ပါလာပြီး ပြီးခဲ့တဲ့ လဆန်းမှာ လားရှိုးစစ်ဌာနချုပ်ကို သိမ်းတဲ့အထိဖြစ်လာခဲ့ပါတယ်။

တရုတ်နိုင်ငံသားတွေနဲ့ တရုတ်စီးပွားရေး အကျိုးစီးပွားရေး မထိခိုက်အောင် တိုက်ပွဲတွေ ချက်ချင်းရပ်ဖို့နဲ့ တရုတ်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ TNLA ရွှေလီမြို့ လုံခြုံရေးကော်မတီက ဩဂုတ်လ ၂၉ ရက်နေ့ စာပို့ခဲ့ပါတယ်။ မလိုက်နာဘူးဆိုရင် တရုတ်ဘက်က ရန်ကိုဟန့်တားနိုင်ဖို့ အရေးယူဆောင်ရွက်မှုတွေ ပိုလုပ်သွားမှာဖြစ်လို့ အကျိုးဆက်တွေခံရလိမ့်မယ်လို့လည်း ခြိမ်းခြောက်ထားပါတယ်။

ဒါဟာ TNLA နဲ့ တော်လှန်ရေးတရပ်လုံးအပေါ် ရိုင်းပျစွာ ခြိမ်းခြောက်စော်ကားမှု ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံ‌ ကောင်စီ NUCC က ထုတ်ပြန် ရှုတ်ချခဲ့ပါတယ်။ မြန်မာနိုင်ငံထဲက တိုင်းရင်းသားလူမျိုးပေါင်းစုံ ပြည်သူတွေအပေါ် စစ်တပ်က မတရား အနိုင်ကျင့်နေမှုတွေကို စာနာ နားလည်ပြီး ကူညီပံ့ပိုးကာ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးမှုကို ပိုမိုခိုင်မြဲအောင် ကြိုးစားသင့်တယ်လို့ NUCC က ထုတ်ပြန်ချက်မှာ အကြံပြုတိုက်တွန်းထားပါတယ်။

Forum

XS
SM
MD
LG