တရုတ်နိုင်ငံမှာ သီတင်းတပတ်ကြာ ကျင်းပနေတဲ့ ပြည်သူ့ကွန်ဂရက်ညီလာခံမှာ သမ္မတ Xi Jinping ခေါင်းဆောင်နေရာ ဆက်ယူနိုင်မယ့် ပါတီဖွဲ့စည်းပုံကို ဒီနေ့ ပြင်ဆင်အတည်ပြုခဲ့ကြပါတယ်။
ဒီနေ့ကျင်းပတဲ့ ညီလာခံ နောက်ဆုံးအစည်းအဝေး ပြန်မစခင် သမ္မတဟောင်း Hu Jintao ကို ညီလာခံခန်းမကြီးထဲကနေ လူနှစ်ယောက်က လာခေါ်ထုတ်သွားခဲ့ပါတယ်။ အဲဒီလို လာခေါ်တာကို ဘာကြောင့်မှန်းမသိ နားမလည်နိုင်အောင် ဖြစ်နေပုံရတဲ့ အသက် (၇၉) နှစ်အရွယ် သမ္မတဟောင်း Hu Jintao က သူ့ဘေးမှာ ကပ်ထိုင်နေတဲ့ လက်ရှိသမ္မတ Xi Jinping ကို တခုခုလှမ်းပြောလိုက်ပုံရတာကိုလည်း မြင်ရပါတယ်။
သမ္မတ Xi က ခေါင်းညိတ်ပြခဲ့ပြီးနောက်မှာတော့ လာခေါ်တဲ့လူတွေနောက် လိုက်သွားတာတွေ့ရပါတယ်။ သူဟာ Xi Jinping မတိုင်ခင် တရုတ်သမ္မတ တာဝန်ယူခဲ့သူ ဖြစ်ပါတယ်။ အခုလို သမ္မတဟောင်းကို ဘာကြောင့် ညီလာခံခန်းမကြီးထဲကနေ ခေါ်ထုတ်သွားသလဲဆိုတာ ခုချိန်ထိ တရားဝင် ထုတ်ပြန်ခြင်း မရှိသေးပါဘူး။
ဒီနေ့ ညီလာခံ အစည်းအဝေးမှာတော့ သမ္မတ Xi Jinping ကိုခေါင်းဆောင်အဖြစ် ဆက်လက်ခန့်အပ်နိုင်မယ့် ပါတီဖွဲ့စည်းပုံ ပြင်ဆင်ချက်ကို အတည်ပြုခဲ့ကြပါတယ်။ (၅) နှစ်တကြိမ် ပါတီခေါင်းဆောင် သက်တမ်းကို သမ္မတ Xi Jinping တတိယအကြိမ်မြောက် ထမ်းဆောင်ရမှာ ဖြစ်တဲ့အတွက် သူဟာ တရုတ်ပြည်သူ့ ခေါင်းဆောင်ကြီး မော်စီတုန်းနောက်ပိုင်း သြဇာအကြီးမားဆုံးခေါင်းဆောင် ဖြစ်လာတော့မှာပါ။
ဒီကနေ့ ထုတ်ပြန်တဲ့ ဗဟိုကော်မတီဝင်စာရင်းသစ်ထဲမှာတော့ သမ္မတ Xi နဲ့ သိပ်ပြီး နီးစပ်ပုံမရတဲ့ ဝန်ကြီးချုပ် Li Keqiang နဲ့ ဒုဝန်ကြီးချုပ် Wang Yang တို့ နာမည်တွေ မပါဝင်တော့ပါဘူး။ တနင်္ဂနွေနေ့ကျရင်တော့ သြဇာအာဏာကြီးမားတဲ့ ပေါ်လစ်ဗျူရို အမြဲတမ်းအဖွဲ့ဝင်သစ်တွေကို ဗဟိုကော်မတီဝင်တွေထဲကနေ ရွေးချယ်ကြမှာ ဖြစ်ပါတယ်။
===== Unicode =====