သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်ကွန်မြူနစ်နိုင်ငံအနာဂတ် သမ္မတရှီ ပါတီညီလာခံမှာ ချပြ


ပါတီခေါင်းဆောင်ပိုင်း ပြန်လည်ဖွဲ့စည်းဖို့ ငါးနှစ်တကြိမ်ကျင်းပတဲ့ ၁၉ ကြိမ်မြောက် တရုတ်ပါတီညီလာခံမှာ သမ္မတရှီ ကျင်းပင် မိန့်ခွန်းပြောစဉ်။
ပါတီခေါင်းဆောင်ပိုင်း ပြန်လည်ဖွဲ့စည်းဖို့ ငါးနှစ်တကြိမ်ကျင်းပတဲ့ ၁၉ ကြိမ်မြောက် တရုတ်ပါတီညီလာခံမှာ သမ္မတရှီ ကျင်းပင် မိန့်ခွန်းပြောစဉ်။

တရုတ်သမ္မတရှီကျင့်ပင်ဟာ - ဗုဒ္ဓဟူးနေ့က ဘေဂျင်းမြို့မှာ ကျင်းပခဲ့တဲ့ (၁၉) ကြိမ်မြောက် အာဏာရကွန်မြူနစ်ပါတီညီလာခံဖွင့်ပွဲမှာ ကမ္ဘာ့ ဒုတိယအကြီးဆုံးစီးပွားရေးနိုင်ငံကြီးအနေနဲ့ တရုတ်နိုင်ငံရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေနဲ့ပတ်သက်လို့ အလေးထား ပြောကြားခဲ့ပါတယ်။ သမ္မတရှီက သူ့အဆိုအရ - တရုတ်နိုင်ငံဟာ အားကောင်းခိုင်မာစေရမယ်လို့ ကြေညာခဲ့ပြီး ဒီရာစုနှစ်အလယ်မှာ ခေတ်သစ် တခုထူထောင်ဖို့ ခေတ်မီ ဆိုရှယ်လစ်နိုင်ငံတခုကို တည်ဆောက်ဖို့ အစွမ်းကုန်ကြိုးစားသွားမှာဖြစ်ကြောင်း အလေးအနက် အာမခံ ပြောကြားခဲ့ပါတယ်။ ဒီအကြောင်း ဘေဂျင်းမြို့ကနေ ဗွီအိုအေသတင်းထောက် Bill Ide ပေးပို့တဲ့သတင်းလွှာကို မခွာညိုက ဆက်လက်ပြောပြပေးပါမယ်။

ပါတီခေါင်းဆောင်ပိုင်းကို ပြန်လည်ဖွဲ့စည်းဖို့ ငါးနှစ်တကြိမ်ကျင်းပတဲ့ ၁၉ ကြိမ်မြောက် ညီလာခံမှာ ပြောကြားခဲ့တဲ့ သမ္မတရှီ ကျင်းပင်ရဲ့ အဖွင့်မိန့်ခွန်းဟာ သမ္မတအနေနဲ့ သူ့ခေါင်းဆောင်မှုရဲ့ အခန်းကဏ္ဍကို ပိုမိုခိုင်မာစေဖို့ ကြိုးပမ်းလိမ့်မယ်လို့ လေ့လာသုံးသပ်သူတွေက ယူဆနေကြပါတယ်။

အရင်ပါတီခေါင်းဆောင်ဟောင်းတွေခြံရံလျှက် ကျင်းပခဲ့တဲ့ ညီလာခံအဖွင့်မှာ သမ္မတရှီက - တိုင်းပြည်ရဲ့အနာဂတ်နဲ့ အခွင့်အလမ်းတွေ အကြောင်း အခိုင်အမာ ပြောကြားသွား ခဲ့ပေမယ့် လူဦးရေ ၁.၄ ဘီလီယံရှိပြီး တပါတီအုပ်ချုပ်ရေးစနစ်နဲ့သွားနေတဲ့ အာဏာရ ပါတီ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေနဲ့ပတ်သက်လို့တော့ သူက အကျယ်ချဲ့ မပြောခဲ့ပါဘူး။

“တရုတ်ပြည်သူနိုင်ငံသားတွေရဲ့ ရုပ်ဝတ္ထုပိုင်း၊ ယဉ်ကျေးမှုပိုင်းမှာသာ ဖွံ့ဖြိုး တိုးတက်အောင် ဖြည့်ဆီးပေးနိုင် ခဲ့တာ မဟုတ်ပါဘူး။ ဒီမို ကရေစီအရေး၊ တရားဥပဒေ စိုးမိုးရေး၊ တရား မျှတမှု၊ လုံခြုံရေးနဲ့ ပိုပြီးကောင်းမွန်တဲ့ ပတ်ဝန်းကျင်တခုရရှိရေး ဆိုတာတွေကိုလည်း တောင်းဆိုမှုတွေလည်း နေ့စဉ် တိုးလာနေပါတယ်။”

လူတွေကို အိပ်ငိုက်စေခဲ့တဲ့ သုံးနာရီခွဲနီးပါးကြာ သမ္မတရှီရဲ့မိန့်ခွန်းထဲက တခြားခေါင်းစဉ်တွေမှာ လိုပဲ ဒီလို လိုလားတောင်းဆိုမှုတွေနဲ့ ပတ်သက်လို့ ပါတီက ဘယ်လိုဖော်ဆောင်ပေးမလဲဆိုတာလည်း ရှင်းရှင်းလင်းရှင်းပြောမသွားခဲ့ပါဘူး။ သမ္မတ ရှီက အဓိကကျတဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ ရှိဖို့အလားအလာ ရှိမှာမဟုတ်ကြောင်း ရှင်းရှင်းလင်းလင်းပြောကြားခဲ့ပေမယ့် ပါတီအနေနဲ့ ပိုပြီး တာဝန်ကျေဖို့ လိုကြောင်း ကိုတော့ အခုလို အလေးထားပြောကြားသွားပါတယ်။

“ပါတီတခုနဲ့ ပါတီရဲ့သြဇာအာဏာဟာ ပြည်သူတွေရဲ့ စိတ်ထားနဲ့ အသိဉာဏ်ပေါ်မှာသာ မှီတည်နေပါတယ်။ လူထုက ဆန့်ကျင်တယ်၊ မနှစ်မြို့ဘူးဆိုတဲ့ ကိစ္စရပ်တွေကို ကျနော်တို့ က မလွဲမသွေ ရင်ဆိုင်ဖြေရှင်းကြရမှာ ဖြစ်ပါတယ်။”

ဒါ့အပြင် သမ္မတရှီက အဂတိလိုက်စားမှုတွေကို နှိမ်နင်းနိုင်ခဲ့တဲ့အားထုတ်မှုတွေကို ထုတ်ဖော်ချီးကျူးခဲ့သလို ဒီအဂတိလိုက်စားမှု တိုက်ဖျက် ရေးဟာ ပါတီအတွက် အကြီးမား ဆုံး ခြိမ်းခြောက်မှုအဖြစ် ဆက်လက်ရှိနေဆဲ ဆိုတာကိုလည်း ထည့်သွင်းပြောကြား သွားပါတယ်။ သူ့ရဲ့ မိန့်ခွန်းထဲမှာ မြောက်ကိုရီးယားအရေးလို ဒေသတွင်းအရေးတွေနဲ့ပတ်သက်လို့တော့ သိပ်ပြီးများများစားစား မပြောခဲ့ပါဘူး ဒါပေမယ့် မြောက်ကိုရီးယားနိုင်ငံကတော့ သူတို့အနေနဲ့ အင်မတန် လုပ်ခဲလှတဲ့ လုပ်ရပ်တခုအနေနဲ့ တရုတ်နိုင်ငံကပါတီညီလာခံကျင်းပတာကို ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့ခဲ့ပါတယ်။

သမ္မတရှီက သူ့ရဲ့မိန့်ခွန်းမှာ တရုတ်နိုင်ငံဟာ ကမ္ဘာကြီးနဲ့ အပြည့်အဝ ထိတွေ့ဆက်ဆံ သွားမှာဖြစ်ကြောင်း ကတိပြုခဲ့သလို ရာသီ ဥတု ပြောင်းလဲမှုနဲ့ ပတ်သက်လို့ စနစ်တကျ ကိုင်တွယ်ဆောင်ရွက်ဖို့လိုကြောင်းနဲ့ အမေရိကန်သမ္မတ Donald Trump ရဲ့ အမေရိကန် သည်သာ ပထမ မူဝါဒအပေါ် ရည်ညွှန်းတယ်လို့ ယူဆရတဲ့ မှတ်ချက်စကားတွေလည်း ပြောသွားခဲ့ပါတယ်။ ပြောကြားခဲ့ပတယ်။

ပါတီညီလာခံအတွင်း ပေါ်လစ်ဗျူရို နိုင်ငံရေးဦးဆောင်အဖွဲ့ရဲ့ ထိပ်တန်းခေါင်းဆောင်တွေ ကို ရွေးချယ်ကြဖို့ရှိပြီး လာမယ့်သီတင်းပတ် အစော ပိုင်းမှာ ပြီးဆုံးမှာဖြစ်ပါတယ်။ နိုင်ငံရေး ဦးဆောင် အဖွဲ့ဝင်တွေထဲမှာ သမ္မတရှီနဲ့နီးစပ်သူတွေ ဘယ်နှစ်ယောက်ပါလာမလဲ ဆိုတာနဲ့ ဆယ်စုနှစ် များစွာအတွင်း တရုတ်နိုင်ငံရဲ့ အာဏာအရှိဆုံးခေါင်းဆောင်တွေ ထဲက တယောက်အနေနဲ့ သူ့ရဲ့ရာထူးအာဏာကို ခိုင်မာအောင် ဘယ်လို မြှင့်တင်ကာကွယ်မလဲဆိုတာကို လူအများက စောင့်ကြည့်နေကြပါတယ်။

XS
SM
MD
LG