သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်တာနက် Chatting တရုတ်ထိန်းချုပ်


တရုတ်နိုင်ငံမှာ ရေပန်းစားတဲ့ အင်တာနက်နဲ့ တယ်လီဖုန်း စာတိုပို့မှုတွေကနေတဆင့် တရားမဝင်ဘဲ အန္တရာယ်ရှိတဲ့ အချက်အလက်တွေကို ဖြန့်ဝေနေကြသူတွေအပေါ် တလကြာ ဖိနှိပ်မှုတွေ လုပ်သွားမယ်လို့ တရုတ်အစိုးရက ကြေညာလိုက်ပါတယ်။

ဒီနှိမ်နင်းမှုဟာ အသုံးပြုသူ သန်း ၈၀၀ ကျော်ရှိတဲ့ WeChat လို အင်တာနက် လူမှုကွန်ယက်တွေကို သုံးနေကြသူတွေအပေါ်မှာ ပစ်မှတ်ထားသွားမှာ ဖြစ်တယ်လို့ နိုင်ငံတော် အင်တာနက် သတင်းဌာနက ဒီကနေ့ ကြေညာချက် ထုတ်ပြန်ထားတာပါ။

မမှန်မကန် စာတိုတွေ ရေးသားဖြန့်ဝေတာ အပါအဝင် အကြမ်းဖက်ဝါဒနဲ့ အကြမ်းဖက် လုပ်ရပ်တွေ၊ ကာမစိတ်ကို နှိုးဆော်တဲ့အရာတွေနဲ့ ဆက်စပ်တဲ့ သတင်း အချက်အလက်တွေ၊ ကောလဟာလ ဖြန့်ဝေနေကြသူတွေကို အဓိကထားပြီး နှိမ်နင်းမယ်လို့ ဖော်ပြထားပါတယ်။

ဆင်ဆာပိတ်ပင်တဲ့ ဘယ်လို ဥပဒေတွေကို သုံးသွားမယ်ဆိုတာ အတိအကျ ဖော်ပြမထားပေမဲ့ လူမှုကွန်ယက် ဝန်ဆောင်မှု ပေးသူတွေအနေနဲ့ အစိုးရရဲ့ တောင်းဆိုချက်နဲ့အညီ လိုက်နာ ဆောင်ရွက်ရလိမ့်မယ်လို့လည်း ဖော်ပြထားပါတယ်။

တရုတ်နိုင်ငံဟာ လူသုံးများတဲ့ facebook နဲ့ Twitter လို နိုင်ငံခြားက အင်တာနက် လူမှုကွန်ယက်တွေကို အစောပိုင်းကတည်းက ပိတ်ပင်ထားတာပါ။ ပြည်တွင်းက လူမှုကွန်ယက်တွေကိုပဲ လူတွေ ပိုအသုံးပြုအောင် လုပ်ထားပြီး အစိုးရက အလွယ်တကူ ထိန်းချုပ်နိုင်အောင် လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
XS
SM
MD
LG