သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အဂတိလိုက်စားမှု စစ်ဆေးခံရစဉ် တရုတ်အရာရှိတဦး ရေမွန်းသေဆုံး


တရုတ်နိုင်ငံမှာ တရုတ် ကွန်မြူနစ်ပါတီဝင်တယောက်ကို စုံစမ်းစစ်ဆေးသူတွေက အဂတိလိုက်စားပါတယ်လို့ ဝန်ခံပြောကြားအောင်လို့ ရေထဲမှာ နှစ်ထားရင်းနဲ့ သေဆုံးသွားတယ်လို့ တရုတ်တာဝန်ရှိသူတွေက ပြောပါတယ်။

ဝမ်ဂျို့စက်မှုလုပ်ငန်း ရင်းနှီးမြှပ်နှံမှုအဖွဲ့က အင်ဂျင်နီယာ ယူချီရီ သေဆုံးသွားမှုကြောင့် တမင် ထိခိုက်အနာတရ ဖြစ်အောင်လုပ်မှုနဲ့ ကွန်မြူနစ်ပါတီ အဂတိ လိုက်စားမှုဆိုင်ရာ စုံစမ်းရေးမှူး ၆ ယောက် မကြာခင် တရားရင်ဆိုင်ရမယ်လို့ အစိုးရပိုင် မီဒီယာတွေက ပြောပါတယ်။

မြေယာ အရောင်းအဝယ်တခုမှာ ပြစ်မှုကျူးလွန်ထားတယ်ဆိုတဲ့ မသင်္ကာမှုအတွက် ဝန်ခံဖို့ အသက် ၄၂ နှစ်အရွယ် ယူချီရီကို April လတုန်းကလည်း ရေခဲရေထဲမှာ အကြိမ်ကြိမ် ခေါင်းနှစ်ပြီး ရေမွန်းအောင် လုပ်ခဲ့တယ်လို့ တာဝန်ရှိသူတွေက ယုံကြည်နေပါတယ်။

အခုတခေါက်မှာတော့ ဆေးရုံရောက်ပြီး မကြာခင်မှာပဲ သူသေဆုံးသွားတာပါ။ အစပိုင်းမှာ မတော်တဆမှုကြောင့် သေဆုံးတယ်လို့ သတ်မှတ်ခဲ့ပေမဲ့၊ ရင်ခွဲစမ်းသပ်ချက်တွေအရ အသက်ရှု မွန်းကြပ်ပြီး သေဆုံးခဲ့တာလို့ နောက်ပိုင်းမှာ သိရှိခဲ့ပါတယ်။

တကိုယ်လုံး ဒဏ်ရာဒဏ်ချက်တွေနဲ့ ပြည့်နေတဲ့ ယူချီရီရဲ့အလောင်းပုံတွေကိုလည်း သူ့ရဲ့ ဆွေမျိုးတွေက Online ပေါ်မှာ ပြသခဲ့ပါတယ်။ ဇနီးဖြစ်သူ ဝူချင်းကလည်း ၃၈ ရက်ကြာ သူ့ရဲ့ခင်ပွန်းထိန်းသိမ်းခံရစဉ်ကာလမှာ ကိုယ်အလေးချိန် သိသိသာသာ ကျသွားတယ်လို့ အစိုးရပိုင် သတင်းမီဒီယာတွေကို ပြောပါတယ်။

တရုတ်နိုင်ငံမှာ သမ္မတ ရှီဂျင်ပင်း က ပြီးခဲ့တဲ့နှစ် အာဏာရလာပြီးနောက်မှာ အဂတိလိုက်စားမှုတွေဟာ ကွန်မြူနစ်ပါတီရဲ့ သြဇာကို ခြိမ်းခြောက်နေတယ်လို့ သတိပေးပြီး လူအများစိတ်ဝင်စားတဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးစီမံချက်ကို စတင်ခဲ့တာဖြစ်ပါတယ်။ အဆင့်မြင့် အရာရှိကြီးတွေရော အောက်ခြေအဆင့် တာဝန်ရှိသူတွေကြားမှာပါ အဂတိလိုက်စားမှုကို တိုက်ဖျက်သွားမယ်လို့ သမ္မတ ရှီဂျင်ပင်းက ကတိပြုထားပါတယ်။
XS
SM
MD
LG