သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်လုပ်ငန်း အစိုးရထောက်ပံ့မှု အမေရိကန် စုံစမ်းမည်


တရုတ်နိုင်ငံက သန့်စင်စွမ်းအင် ထုတ်လုပ်သူတွေကို တရားမဝင် ထောက်ပံ့မှုတွေ စိုက်ထုတ်ပေးနေတယ် ဆိုတဲ့ စွပ်စွဲချက်ကို အမေရိကန် နိုင်ငံက စတင် စုံစမ်းစစ်ဆေးဖို့ လုပ်နေပြီ သိရပါတယ်။

အဲဒီလုပ်ရပ်ဟာ ကမ္ဘာ့ကူးသန်းရောင်းဝယ်ရေးအဖွဲ့ WTO ရဲ့ စည်းကမ်းချက်ကို ဖောက်ဖျက်တာမို့ တရုတ်ကို စုံစမ်းစစ်ဆေးပြီး အရေးယူဖို့ အမေရိကန် အလုပ်သမား သမဂ္ဂရဲ့ အကြီးကျယ်ဆုံးသော တောင်းဆိုမှုရဲ့ နောက်ပိုင်းမှာ အမေရိကန် ကူးသန်းရောင်းဝယ်ရေး ဆိုင်ရာ ကိုယ်စားလှယ် Ron Kirk က သောကြာနေ့က ဒီကိစ္စကို ထုတ်ဖော် ကြေညာခဲ့တာဖြစ်ပါတယ်။

အမေရိကန် အစိုးရအရာရှိတွေက သံမဏိ လုပ်သားတွေရဲ့ သမဂ္ဂက တောင်းဆိုထားတဲ့ ဒီစွပ်စွဲချက်ကို ထိထိရောက်ရောက် စုံစမ်းစစ်ဆေး အရေးယူမယ်လို့ Ron Kirk ရဲ့ ကြေညာချက်မှာ ဖော်ပြလိုက်တာ ဖြစ်ပါတယ်။ သမဂ္ဂဖက်က သူတို့ရဲ့ တောင်းဆိုချက်ကို သမ္မတ အိုဘားမား အုပ်ချုပ်ရေးအဖွဲ့က လက်ခံဖို့ ဆုတောင်းမျှော်လင့် နေကြပါတယ်။

တရုတ်နိုင်ငံက တရုတ် စွမ်းအင် သန့်စင်ရေး ထုတ်လုပ်သူတွေကို တရားမဝင် ထောက်ပံ့နေတယ်လို့ စွပ်စွဲချက် မှန်ကန်ရင် ဒီအချက်ဟာ အမေရိကန် စွမ်းအင် သန့်စင်ရေးလုပ်ငန်း နယ်ပယ်က ထုတ်လုပ်သူတွေနဲ့ သူတို့ရဲ့ လုပ်သားတွေကို ဆိုးရွားတဲ့ ထိခိုက်ဆုံးရှုံးမှုတွေ ဖြစ်စေတယ်လို့ သံမဏိ လုပ်သားတွေရဲ့ သမဂ္ဂက ပြောဆိုခဲ့ပါတယ်။

တရုတ်နဲ့ တခြား ကုန်သွယ်ဖက်နိုင်ငံတွေရဲ့ ငွေကြေးစနစ်ဆိုင်ရာ စာတမ်းတခုကို ထုတ်ပြန်ရာမှာ အချိန်နှောင့်နှေးမှု ရှိလိမ့်မယ်လို့ အမေရိကန် ဘဏ္ဏာရေးဌာနက ပြောဆိုလိုက်ပါတယ်။ လာမယ့် သီတင်းပတ် အနည်းငယ်အတွင်းမှာ ပြုလုပ်မယ့် G-20 အဖွဲ့ရဲ့ အဖွဲ့ဝင်တွေနဲ့ အာရှပစိဖိတ် နိုင်ငံတွေက ခေါင်းဆောင်တွေ၊ ဘဏ္ဏာရေးဝန်ကြီးတွေ၊ ဗဟိုဘဏ် အုပ်ချုပ်ရေးမှူးတွေ တွေ့ဆုံပွဲ မပြီးသေးမချင်း ဒီစာတမ်းကို ထုတ်ပြန်နိုင်ဦးမှာ မဟုတ်ဘူးလို့ သောကြာနေ့ကထုတ်တဲ့ အမေရိကန်အစိုးရ ကြေညာချက်မှာ ဖော်ပြခဲ့တာပါ။

XS
SM
MD
LG