သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မွေးကင်းစတွေ ရောင်းစားတဲ့ဆရာဝန် တရုတ်ဆိုင်းငံ့သေဒဏ်ချ


တရုတ်နိုင်ငံမှာ မွေးကင်းစကလေးငယ် (၇) ယောက်ကို ခိုးယူပြီး လူမှောင်ခိုကူးသူတွေထံ ရောင်းစားခဲ့ကြောင်း ပြစ်မှုထင်ရှား တွေ့ရှိခဲ့တဲ့အတွက် ဆရာဝန်တဦးကို တရားရုံးက ဆိုင်းငံ့သေဒဏ် အပြစ်ပေးလိုက်ပါတယ်။

တရုတ်နိုင်ငံမြောက်ပိုင်း Shaanxi နယ် Weinan တရားရုံးက ပြစ်ဒဏ် ချမှတ်လိုက်တဲ့အကြောင်း အင်္ဂါနေ့မှာ ကြေညာလိုက်တာ ဖြစ်ပါတယ်။ အခုလို ပြစ်ဒဏ်ချမှတ်တာဟာ တရုတ်နိုင်ငံမှာ ထုံးစံအရ တသက်တကျွန်းနဲ့ ညီမျှပါတယ်။

Shaanxi နယ် Fuping ခရိုင်ဆေးရုံက ဆရာဝန် Zhang Shuxia က သူ့အနေနဲ့ ကလေးငယ်တွေကို လူမှောင်ခိုကူးသူတွေထံ ရောင်းစားခဲ့ကြောင်း တရားရုံးမှာ ၀န်ခံ ပြောဆိုခဲ့ပါတယ်။ မွေးလာတဲ့ကလေးတွေမှာ ဆိုးရွားတဲ့ ၀မ်းတွင်းရောဂါတွေ ပါလာတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ သူတို့ကလေးတွေကို စွန့်ပစ်ဖို့ အဲဒီ အသက် ၅၅ နှစ်အရွယ် အမျိုးသမီး သွားဖွားဆရာဝန်က မိခင်တွေကို ဖိအားပေး လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

ရောင်းစားခံရတဲ့ ကလေးငယ် ၇ ယောက်ထဲက ၆ ယောက်ကို ပြန်ကယ်တင်လိုက်နိုင်ပေမဲ့ ကျန် ၁ ယောက်ကတော့ လူမှောင်ခိုကူးသူတွေထံ အမေရိကန်ဒေါ်လာ ၁၆၅ ဒေါ်လာနဲ့ ရောင်းစားပြီးတဲ့နောက် သေဆုံးသွားတယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံမှာ တစ်အိမ်ထောင် ကလေးတယောက်သာ မွေးခွင့်ရှိတယ်ဆိုတဲ့ တင်းကျပ်တဲ့ ဥပဒေကြောင့် တရားမ၀င် မှောင်ခိုကူးသူတွေက အဲဒီအပေါ် အခွင့်ကောင်းယူပြီး ကလေးလိုချင်သူတွေထံ ရောင်းစားကြတဲ့အတွက် တရုတ်နိုင်ငံမှာ ကလေးငယ်တွေ ရောင်းစားတဲ့ပြဿနာ အကြီးအကျယ် ဖြစ်ပေါ်နေတာပါ။
XS
SM
MD
LG